- ဒီအပတ်အတွင်း ဗန်းမော်ကို စစ်အင်အားလာရောက်ပို့ဆောင်တဲ့ စစ်ကောင်စီရဲ့ရဟတ်ယာဉ် ၂ စီးကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ချလိုက်နိုင်တာကြောင့် ၅ နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့လေယာဉ် ၅ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ KIO က ပြောပါတယ်။
- ဖားကန့်မြို့ကို လေကြောင်းပစ်ကူနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မြစ်ကြီးနား - နမ့်ယား - ဖားကန့်လမ်းကြောင်းတစ်ခုလုံးနီးပါးကို နေရာယူထားနိုင်ပြီဖြစ်ပြီး လက်ရှိ ဖားကန့်မရောက်ခင် နမ့်တိန်းကို ကျော်ဖြတ်နိုင်ဖို့ KIA နဲ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
- ချီဖွေမြို့အထက် ဆော့လော်မြို့နယ် လန်ဆယ်ဒေသမှာ ရွှေမှော်ပိတ်ထားဆဲဖြစ်ပေမဲ့ လက်ရှိ မြေပြင်မှာ ကုမ္မဏီကြီးတွေနဲ့ လုပ်ငန်းရှင်တချို့က ရွှေတူးဖော်ခွင့်ရနေပြီး တခြားဒေသအသီးသီးကနေ ရောက်ရှိလာတဲ့ပြည်သူတွေကိုတော့ လုပ်ကိုင်ခွင့်ပိတ်ပင်ကာ မောင်းထုတ်နေတယ်လို့ ပြောပါတယ်။







