မဒေးကျွန်းအနီး စစ်ကောင်စီရေတပ်မှ ဒေသခံများကို နေ့စဉ် သေနတ်ဖြင့် လှမ်းပစ်နေ

မဒေးကျွန်းအနီး စစ်ကောင်စီရေတပ်မှ ဒေသခံများကို နေ့စဉ် သေနတ်ဖြင့် လှမ်းပစ်နေ
ပုံစာ - စစ်ကောင်စီ၏ စစ်ရေးလေ့ကျင့်မှုတစ်ခု။ ဓာတ်ပုံ - CINCDS
ပုံစာ - စစ်ကောင်စီ၏ စစ်ရေးလေ့ကျင့်မှုတစ်ခု။ ဓာတ်ပုံ - CINCDS

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တရုတ်စီမံကိန်းရှိရာ မဒေးကျွန်းနှင့် မိ‌ကျောင်းရေသောက်ကျေးရွာအနီးတွင် လုံခြုံရေးယူထားသော စစ်ကောင်စီ စစ်သင်္ဘောကနေ သေနတ်ဖြင့် ပစ်ခတ်မှုကို ဒေသခံများ နေ့စဉ် ခံနေရသဖြင့် စိုးရိမ်စရာဖြစ်လာနေသည်။

မဒေးကျွန်းကျေးရွာ အပါအဝင် မော်ကြီး၊ ကြောင်တင်၊ ဝါးတော၊ ကုလာဘာတောင်၊ မိကျောင်းရေသောက် စသည့် ကျေးရွာသားများမှာ လူမှုရေးကိစ္စတို့အတွက် စက်လှေဖြင့် တစ်ရွာနှင့်တစ်ရွာသို့ ဖြတ်သွားစဉ် စစ်သင်္ဘောကနေ သေနတ်ဖြင့် ပစ်ခတ်ခြင်းကို ကြုံနေနေရခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

“ဈေးသွားရောင်းတာပဲ ဖြစ်ဖြစ်၊ ကိစ္စတစ်ခုရှိလို့ သွားတာပဲဖြစ်ဖြစ်ပဲ တစ်ရွာနဲ့ တစ်ရွာကို သွားလာတဲ့အခါ ရေကြောင်းခရီးတွေမို့ စက်လှေအသုံးပြုပြီး သွားရတာ။ ဒါကို စက်သေနက်နဲ့ နေ့တိုင်း လှမ်းပစ်ခံနေရတာ။ လူထိခိုက်တာမျိုး မရှိသေးပေမယ့် စက်လှေအနီးကို ကျည်ကျတာတွေတော့ ရှိလာတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မဒေးကျွန်းတွင် တရုတ်၏ ရေနံနှင့် ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ရေနက်ဆိပ်ကမ်းနှင့် ရေနံသိုလောင်ရုံ စသည့် စီမံကိန်းများရှိပြီး ထိုစီမံကိန်းများကို စစ်ကောင်စီက လုံခြုံရေးအပြည့်ယူထားခြင်းလည်း ဖြစ်သည်။

မဒေးကျွန်းအနီးတွင် သံစစ်မြစ်၊ ကလုဘာတောင်ကြီးမြစ်၊ မိချောင်းရေသောက်ချောင်း၊ ဝါးတောချောင်း၊ စသည့် မြစ်ဝနှင့် ချောင်းလက်တက်တို့ရှိသဖြင့် ဒေသခံများမှာ သွားရေး၊ လာရေးအတွက် စက်လှေကို အဓိက အသုံးပြုကြရသည်။

စစ်ကောင်စီ၏ စစ်သင်္ဘောသည် မြစ်ပြင်တစ်ခုလုံးကို အဝေးကနေ လှမ်းမြင်နိုင်သည့် မိကျောင်းရေသောက်အနီးက မြစ်ဝတွင် ကျောက်ချရပ်နားထားခြင်းဖြစ်ပြီး ဒေသခံများ သွားလာမှုကို စောင့်ကြည့်ကာ စက်သေနတ်များဖြင့် ပစ်ခတ်နေခြင်းလည်း ဖြစ်သည်။

“အရင်ကတော့ ခြောက်ပြီး ပစ်တာဆိုတော့ လူတွေက သွားရဲလာရဲသေးတယ်။ အခုက စက်လှေအနီး ကျတဲ့အထိ တကယ်ပစ်တာ။ သွားရေး၊ လာရေးက လုံးဝ အဆင်မပြေတော့ဘူး။ ဒီပုံအတိုင်းဆို ဒီအနားရွာက လူတွေအားလုံး ဒုက္ခရောက်မယ့် အလားအလာရှိတယ်” ဟု နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ရေကြောင်း အဓိက အသုံးပြုသွားလာရသည့် ကျေးရွာသားများမှာ လက်ရှိတွင် စစ်သင်္ဘော၏ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အခက်အခဲများရှိနေပြီး အဆင်မပြေမှုများကို ရင်ဆိုင်နေရသည်။

လက်ရှိ ကျောက်ဖြူမြို့နယ်တွင် အမှတ် (၃၂) ရဲတပ်ရင်းနှင့် မလကျွန်းကျေးရွာအနီးတို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ နှစ်ဘက်တိုက်ပွဲများရှိနေပြီး အာရက္ခတပ်တော်ဘက်က စစ်ကောင်စီ၏ ကာကင်းစခန်းတချို့ကို AA က သိမ်းပိုက်ထားသည်။

အပေါက်ဝကျေးရွာတွင် ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအခြေအနေအား ယခုလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
June 20, 2026
မိုးတွင်းကာလ ရောက်ရှိလာပြီဖြစ်၍ မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရေပြင်းထန်စွာ စီးဆင်းခြင်း၊...
June 20, 2026
ကားကြီး၊ ကားငယ်လေးတွေက လမ်းမပေါ်မှာ အချိန်ပြင်းပြင်းနဲ့ မောင်းနှင်သွားလာနေကြတယ်။ လမ်းမကြီးရဲ့...
June 19, 2026
ရခိုင်ပြည်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် မန္တလေး-မူဆယ် ရထားလမ်းအပါဝင် တရုတ်-...
ကျောက်တော်ကို အာဏာသိမ်းစစ်တပ်မှ ဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးသူ၏ ရုပ်အလောင်းနားတွင် ငိုကြွေးနေသည့် မိသားစုဝင်အချို့။
June 18, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နှင့် အနီးတဝိုက်ကို မနေ့၊ နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်က...