တရုတ်နှင့် ရုရှား ဒရုန်းများကြောင့် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ပွဲဟန်ချက် ပြောင်းလာ

တရုတ်နှင့် ရုရှား ဒရုန်းများကြောင့် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ပွဲဟန်ချက် ပြောင်းလာ

ရခိုင်ပြည်နယ်တွင် ဇန်နဝါရီလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခံရသော မြင်ကွင်းတနေရာ။ (AA/AFP)

စစ်ကောင်စီ၏ တရုတ်နှင့် ရုရှားမှ အများစု ထောက်ပံ့ပေးသော အဆင့်မြင့် ဒရုန်းများအား တိုး၍ အသုံးပြုလာခြင်းဖြင့် တော်လှန်ရေးတပ်ဖွဲ့များအပေါ် ဆင်နွှဲသည့် ၎င်းတို့၏ စစ်ဆင်ရေးကို ပို၍ပြင်းထန်စေကာ စစ်မြေပြင်၌ စစ်ရေးအရှိန်အဟုန် ပြောင်းလဲစေပြီး အရပ်သား ထိခိုက်သေဆုံးမှုများလည်း မြင့်တက်စေသည်ဟု လေ့လာသုံးသပ်သူများက ပြောသည်။

စစ်ကောင်စီ၏ အနိုင်ရနိုင်ခြေက အကန့်အသတ် ရှိနေသော်လည်း အနီအောက်ရောင်ခြည်နှင့် ညမြင်ကွင်းကြည့် ကင်မရာများ တပ်ဆင်ထားသော ဒရုန်းများအား ဖြန့်ကြက်သုံးစွဲခြင်းဖြင့် တော်လှန်ရေးဘက်ကို ထိခိုက်နစ်နာမှုများ ပိုများစေရာ အဆိုပါ နိုင်ငံခြားဖြစ် နည်းပညာသည် ရှေ့တန်း အသီးသီး၌ နယ်မြေများ လက်လွတ်ဆုံးရှုံးနေသည့် စစ်ကောင်စီအတွက် တဖန် အင်အားဖြည့်တင်းပေးနေသည်ဟု ကျွမ်းကျင်သူများက သတိပေးသည်။

အဆိုပါ နိုင်ငံခြားဖြစ် ဒရုန်းများသည် လတ်တလော သီတင်းပတ်များအတွင်း တော်လှန်ရေးအဖွဲ့များကို စစ်ဆင်ရာ၌ စစ်ကောင်စီအတွက် နည်းဗျူဟာ တပန်းသာစေသည်ဟု မြေပြင် သတင်းရင်းမြစ်များက ပြောသည်။

ဒရုန်းများကို အစပိုင်း၌ လက်နက်ကိုင် အတိုက်အခံများက အဓိကထား အသုံးပြုခဲ့သော်လည်း မကြာသေးမီက ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ တော်လှန်ရေးတပ်ဖွဲ့ တည်နေရာများကို ပစ်မှတ်ထားသော စစ်ကောင်စီ၏ ဒရုန်းတိုက်ခိုက်မှု ဗီဒီယိုများအား စစ်တပ်လိုလားသည့် Telegram ချန်နယ်များက မျှဝေလာကြသည်။

အနီအောက်ရောင်ခြည် သို့မဟုတ် အပူချိန်ဖမ်း ညမြင်ကွင်းကြည့် ကင်မရာများ တပ်ဆင်ထားသည့် ဒရုန်းများ အသုံးပြုသော ထိုတိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးမှုများရှိသည်ဟု RFA က မတ်လတွင် သတင်းဖော်ပြသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ဒေသခံ အရပ်သား ကာကွယ်ရေးတပ်ဖွဲ့များမှ တာဝန်ရှိသူများကို ကိုးကားပြီး အမေရိကန် ရန်ပုံငွေ ထောက်ပံ့သော RFA သတင်းဌာန၏ မြန်မာဘာသာဖြင့် ထုတ်လွှင့်ချက်တွင် တိုက်ပွဲများ၌ စစ်ကောင်စီ၏ ထို ဒရုန်းများ အသုံးချလာခြင်းသည် ဆိုးရွားသော သက်ရောက်မှုများ ဖြစ်ပေါ်စေသည်ဟု ဖော်ပြထားသည်။

“တကယ့်ကိုပဲ ဒီ အဆင့်မြင့် ဒရုန်းတွေကြောင့် ကျေးလက်ဒေသဖက်တွေက ရွာတွေမှာ တော်လှန်ရေးသမားတွေနဲ့ အပြစ်မဲ့ ပြည်သူတွေ ပိုပြီး အသက်တွေ ဆုံးရှုံးနေရတယ်” ဟု မြန်မာအပါအဝင် အထူးကိစ္စရပ်များအား သုတေသန ပြုနေသူ ဩစတြေးလျ Curtin တက္ကသိုလ်မှ နိုင်ငံတကာ စီးပွားရေး တွဲဖက်ပါမောက္ခ ဒေါ်ထွေးထွေးသိန်းက ပြောသည်။

စစ်တပ်ဘက်က ယခုကဲ့သို့ အသာစီးဘက် ရောက်လာခြင်းသည် စစ်ပွဲ အနိုင်ရနေသူကို မပြောင်းလဲပစ်နိုင်သော်လည်း တရုတ်နှင့် ရုရှားဆီမှ အဆိုပါ “အထူး လက်နက်များ” သည် ယခုအခါ တော်လှန်ရေးသမားများ၏ လက်ဖြစ်ဒရုန်းများကို “နိုင်ငံခြားမှ ဝင်ရောက်လာသော သာလွန်ဒရုန်းများ” နှင့် နှိုင်းယှဉ်ပါက “အကြမ်းစားဆန်သည်” ဟု ထင်ဟပ်ပြနေကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ ဒေါ်ထွေးထွေးသိန်းက ပြောသည်။

“ထောက်ပံ့ငွေ အင်အား ကောင်းကောင်းနဲ့ သာလွန် လက်နက် တပ်ဆင်ထားတဲ့ စစ်သားတွေကို ရင်ဆိုင်နေရတဲ့ တော်လှန်ရေးရဲဘော်တွေအတွက် အထောက်အပံ့တွေလည်း ခန်းခြောက်လာနေပြီ” ဟု ၎င်းက ထပ်လောင်းဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးကတည်းက မြန်မာစစ်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အသစ် ဖွဲ့စည်းသော တော်လှန်ရေး ပြည်သူ့စစ်များ၏ တော်လှန်မှုများနှင့် ရင်ဆိုင်တိုက်ခိုက်နေရသည်။

“ပြည်ပ အင်အားကြီးနိုင်ငံများက စစ်ကောင်စီအား ပိုမို ခေတ်မီသော နည်းပညာများ ထောက်ပံ့ပေးနေသဖြင့်” တော်လှန်ရေးအား ဆန့်ကျင်တိုက်ခိုက်သည့် စစ်တလင်းသည် “ချိန်ခွင်လျှာ တိမ်းစောင်းလာနေသည်” ဟု ဒေါ်ထွေးထွေးသိန်းက ပြောသည်။

“တချိန်က သန္နိဋ္ဌာန် ပြတ်သားတဲ့ စိတ်ဓာတ်နဲ့ ဉာဏ်စွမ်းဉာဏ်စနဲ့ မောင်းနှင်ခဲ့တဲ့ တော်လှန်ရေးဟာ ခုခါမှာ ခေတ်သစ်စစ်ပွဲအတွက် အရင်းအမြစ် လိုအပ်ချက်တွေကို မဖြည့်ဆည်းနိုင်တဲ့ အမှန်တရားနဲ့ ရင်ဆိုင်နေရတယ်၊ ဒီ စိန်ခေါ်မှုအသစ်တွေကို ထပ်ပြီး ဖြေရှင်းနိုင် မဖြေရှင်းနိုင်တာကဘဲ မြန်မာ့တော်လှန်ရေး လှုပ်ရှားမှု ရှင်သန်မလား ဒါမှမဟုတ် တဖြည်းဖြည်း မှေးမှိန်သွားမလားဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

စစ်ပွဲ ပထမ နှစ်နှစ်တာအတွင်း စစ်ဆင်ရေးများ၌ စစ်ကောင်စီသည် ဒရုန်းများ ဖြန့်ကြက်သုံးစွဲခြင်း မရှိခဲ့ကြောင်း အရှေ့တောင်အာရှ မူဝါဒနှင့် လုံခြုံရေးအား အာရုံစိုက် လေ့လာသူ ဝါရှင်တန်ရှိ အမျိုးသား စစ်ကောလိပ်မှ ပါမောက္ခ ဇာချာရီအဘူဇာက ပြောသည်။

ယင်းအစား “တောထဲဆီ ကျွမ်းကျင်မှုများကို တပါတည်း သယ်ဆောင်လာသော” တော်လှန်ရေးတွင် ပါဝင်ကြသည့် “နည်းပညာကျွမ်းကျင်သော လူငယ်များ” ကပဲ ဒရုန်းများကို အသုံးချခဲ့သည်ဟု အဘူဇာက ဆိုသည်။

အဆိုပါ လူသတ်လက်နက်များ မဟုတ်သည့် ဒရုန်းများကို စစ်တပ်အတွင်း ကြောက်ရွံ့မှုများကို ဖြစ်ပေါ်လာရာ တရုတ်ထံမှ ဒရုန်း ဟန့်တား ကိရိယာ (jammers)များကို မြန်မြန်ဆန်ဆန် တင်သွင်းပြီး ဖြန့်ကြက်ချထားလာရသကဲ့သို့ ရုရှားနှင့် အီရန်ထံမှ ဝယ်ယူသော အခြားသော လက်နက်များ၌ ဒရုန်းများကိုပါ ထည့်သွင်းလာတော့သည်။

သို့ရာတွင် ထိုနိုင်ငံခြားဖြစ် ဒရုန်းများသည် “သာမန် ဝါသနာရှင်အဆင့် အကြမ်းသုံး သို့မဟုတ် သီးနှံဆေးဖျန်း ဒရုန်းများ” မဟုတ်ဘဲ “ပိုမိုတိကျပြီး အသက်အန္တရာယ် ပို၍ပေးနိုင်ကာ အချို့သော ဒရုန်းများ၌ ညမြင်ကွင်းနှင့် အာရုံခံ နည်းပညာများ ပါရှိသော စစ်ဘက်အဆင့် ဒရုန်းများ” ဖြစ်သည်ဟု အဘူဇာက ဆိုသည်။

“ဒီ ဒရုန်းတွေကို ခုတော့ နည်းဗျူဟာအဆင့် တပ်ဖွဲ့အများစုဆီ ဖြန့်ကြက်ထားတယ်၊ ဒရုန်းတွေကြောင့် ထိခိုက်သေဆုံးတာတွေ ပိုများလာပြီး အတိုက်အခံတွေရဲ့ ထိုးစစ်တွေ နှေးကွေးစေမှာကတော့ သံသယဖြစ်စရာ မရှိဘူး” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်လက မြန်မာနိုင်ငံတွင် လှုပ်သွားသော ငလျင်အတွင်း တရုတ်ထုတ် ဒရုန်းများ အသုံးပြုမှုကို နိုင်ငံပိုင် မီဒီယာများက မီးမောင်းထိုးပြခဲ့ကြောင်း လူမှုမီဒီယာများအရ သိရသည်။

“မြန်မာ ငလျင်ဒဏ်သင့် နယ်မြေတွေရဲ့ ညအချိန် ကောင်းကင်မှာ မီးအလင်းထိုးပေးထားတဲ့ တရုတ်လုပ် ဒရုန်းတွေဟာ လုပ်ကိုင်နေတဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ‘အသက်သွေးကြော’ လို မရှိမဖြစ် အသုံးတော်ခံခဲ့တယ်” ဟု ပြီးခဲ့သည့်လက X လူမှုမီဒီယာတွင် China Daily က ဖော်ပြခဲ့သည်။

စစ်ကောင်စီသည် ရုရှားနှင့် တရုတ်လုပ် ဒရုန်း အများအပြားကို ဝယ်ယူထားကာ အတိုက်အခံများ ထိန်းချုပ်နယ်မြေများအား ထောက်လှန်းစောင့်ကြည့်ရာ၌ ထောက်လှမ်းရေး၊ စောင့်ကြည့်ရေးနှင့် ကင်းထောက်ရေး ဒရုန်းများသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ဟု လေ့လာသုံးသပ်သူများက ပြောသည်။

“စုဆောင်းရရှိတဲ့ ထောက်လှမ်းရေး အချက်အလက်တွေကို အုပ်ချုပ်ရေးရုံးတွေ၊ အတိုက်အခံ တာဝန်ရှိသူတွေ၊ ဆေးခန်းတွေနဲ့ ပြည်သူ့ ဝန်ဆောင်မှုဌာနတွေ အပါအဝင် ပစ်မှတ် အမျိုးမျိုးကို တိုက်ခိုက်ဖို့ အသုံးပြုတယ်” ဟု နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးအသင်းမှ အရှေ့တောင်အာရှ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ သုတေသီ မော်ဂန်မိုက်ကယ်က ပြောသည်။

အတိုက်အခံတပ်ဖွဲ့များအပေါ် ပေါက်ကွဲပစ္စည်းများ ကြဲချနိုင်ရေးအတွက် စစ်ကောင်စီသည် သာမန် ဒရုန်း ထောင်ပေါင်းများစွာကို ဝယ်ယူပြီး “ဒရုန်းဗုံး” များအဖြစ် ပြုပြင်မွမ်းမံကြောင်း မိုက်ကယ်က ဆိုသည်။

“ဒီ လက်နက်တွေကို ရှေ့တန်းတပ်ဖွဲ့တွေဆီ ထောက်ပံ့ပေးထားတာကြောင့် အတိုက်အခံတပ်ဖွဲ့တွေက သူတို့အတွက် ဆိုးရွားတဲ့ စိန်ခေါ်မှုတွေ ကြုံရတယ်လို့ ဝန်ခံထားတယ်” ဟု ၎င်းက ပြောပြီး စစ်ကောင်စီက လားရှိုးမြို့အား ပြီးခဲ့သည့်နှစ်၌ လက်လွှတ်ရသည့်နောက် တရုတ် ဒရုန်းများ ရောင်းချမှု “အရှိန်မြှင့်တက်ခဲ့သည်” ဟု ထပ်လောင်းဆိုသည်။

လားရှိုးတိုက်ပွဲသည် ရှမ်းပြည်မြောက်ပိုင်းရှိ လားရှိုးမြို့ကို သိမ်းပိုက်ရန် ဇူလိုင်လတွင် စတင်ခဲ့သော ထိုးစစ်တရပ် ဖြစ်သည်။ ယင်း တိုက်ပွဲကို အာရက္ခတပ်တော်၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ ပါဝင်သော ညီနောင်သုံးဖော် မဟာမိတ်အဖွဲ့က အခြား တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ဆင်နွှဲခဲ့ခြင်းဖြစ်သည်။

ရုရှားနှင့် တရုတ်တို့မှ လက်နက်များ လွှဲပြောင်းမှုများကို ရပ်တန့်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် လုပ်ဆောင်နိုင်သည်မှာ အနည်းငယ်သာရှိနိုင်သည်ဟု မိုက်ကယ်က ပြောသည်။

“စစ်အစိုးရဟာ လက်နက်ခဲယမ်း အများစုကို ကိုယ်တိုင် ထုတ်လုပ်နိုင်စွမ်းရှိပြီး ဒရုန်းတပ်ဆင်ရေး အနည်းငယ် စွမ်းဆောင်နိုင်ဖွယ် ရှိနေတာကို သတိပြုဖို့ အရေးကြီးတယ်” ဟု ၎င်းက ထပ်လောင်းဆိုသည်။

အနောက်နိုင်ငံများက စိုးရိမ်ပူပန်ကြောင်း ဖော်ပြကြသော်လည်း တိုက်ပွဲ၌ အတိုက်အခံ လက်နက်ကိုင်အဖွဲ့များအတွက် “မျှခြေ ယိုင်လာသည့် အခါတွင်လည်း” ကိုယ်ထိလက်ရောက် ပါဝင်မှု အနည်းငယ်သာ ရှိသည်ဟု ဒေါ်ထွေးထွေးသိန်းက ပြောသည်။

“မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ သေနတ်တွေ၊ လေယာဉ်တွေနဲ့ ခုနေမှာ ခေတ်မီ ဒရုန်းတွေအပြင် ကမ္ဘာရဲ့ ခဏပန်း အာရုံစူးစိုက်မှုကိုပါ ကြုံဆုံနေရတယ်” ဟု ဒေါ်ထွေးထွေးသိန်းက ပြောသည်။

“တော်လှန်တိုက်ပွဲဟာ မြန်မာပြည်သူတွေကို ကျော်လွန်ပြီး ထင်ဟပ်နေသေးသလားဆိုတာကို တွေးတောနေရပြီ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံအနောက်ပိုင်းရှိ ရွာတရွာအား စစ်တပ်က လေကြောင်း တိုက်ခိုက်ရာ အနည်းဆုံး လူ ၁၃ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ရခိုင်ပြည်နယ် ထွန်းရဝေရွာကိုလည်း တိုက်လေယာဉ်တစင်းဖြင့် ပေါင် ၅၀၀ (၂၂၇ ကီလိုဂရမ်) ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ကိုးကားပြီး ထိုင်းရောက် မြန်မာများ လုပ်ကိုင်နေသော The Irrawaddy သတင်းဌာန ဖော်ပြသည်။

“အိမ် ၁၂ လုံး၊ လုံးလုံး ပျက်စီးတယ်၊ ရုပ်အလောင်း ၁၃ လောင်း တွေ့ရှိပြီး ၂၀ ကျော် ဒဏ်ရာရတယ်၊ အပျက်အစီးတွေ အောက်မှာ ပိတ်မိနေနိုင်သူတွေ ရှိနေတယ်လို့ ယူဆရတာကြောင့် ထိခိုက်သေဆုံးသူ ဦးရေ တိုးလာနိုင်တယ်” ဟု ခိုင်သုခက ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း စစ်ကောင်စီသည် စစ်ကိုင်းတိုင်းဒေသကြီး အနောက်မြောက်ပိုင်းရှိ ကျောင်းတကျောင်းကို ဗုံးကြဲတိုက်ခိုင်သဖြင့် ကလေး ၂၃ ဦးနှင့် ဆရာနှစ်ဦး သေဆုံးခဲ့သည်ဟု ယင်း သတင်းဌာနက ဖော်ပြခဲ့သည်။

Most read this week

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...