ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းလျှင် ယမန်နှစ်ကဲ့သို့ ရေကြီးရေလျှံမှု ဖြစ်ပေါ်မည်ကို စိုးရိမ်နေလျက်ရှိကြောင်း ဒေသခံများကပြောသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း စံချိန်တင်ရေကြီးရေလျှံမှုကြောင့် ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်နှင့် မယ်ဆိုင်တွင် ရေလွှမ်းမိုးခံခဲ့ရပြီး နေအိမ်၊ အဆောက်အဦနှင့် ဈေးများ ပျက်စီးဆုံးရှုံးခဲ့ရသည်။
မေလ ၂၀ ရက်နေ့မှစ၍ သျှမ်းပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် နေရာအနှံ့အပြား မိုးထစ်ချူန်းရွာသွန်းပြီး နေရာကွက်၍ မိုးကြီးမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက အသိပေးထားသည်။
“မိုးရွာလာရင် ရင်တထိတ်ထိတ်ပဲ၊ အခုအစိုးရကလည်း ဘာမှလုပ်ပေးတာမရှိ၊ ပြည်သူတွေက ကိုယ့်အားကိုယ်ကိုး နေရတယ်” ဟု တာချီလိတ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပါက တောင်ကျချောင်းရေများ တဟုန်ထိုးစီးဆင်းလာပြီး မယ်ဆိုင်ချောင်းရေလျှံကာ ရေကြီးရေလျှံမှုများ နှစ်စဉ်နှစ်တိုင်း ဖြစ်ပေါ်လေ့ရှိသည်။
သို့သော် ရေကြီးရေလျှံမှုဖြစ်ပွား၍ နေအိမ်ပျက်စီးဆုံးရှုံးမှုများနှင့် လူ့အသက်ဆုံးရှုံးမှုများရှိသည့်တိုင်အောင် ရေကြီးမှုပြဿနာအား သက်ဆိုင်ရာ အာဏာပိုင်များက ဖြေရှင်းနိုင်ခြင်းမရှိပေ။
“အခုမိုးတွင်းမရောက်ခင်တော့ ရေမလွတ်မယ့်နေရာက ပစ္စည်းတွေ အပေါ်မြောက်ထားတယ်။ အိမ်ရှေ့လည်း ကာထားတယ်။ ရေစုပ်စက်တွေ၊ ရေမော်တာတွေ၊ မီးစက်တွေ၊ ဆိုလာတွေ အဆင့်ပြင်ထားရတာပေါ့” ဟု တာချီလိတ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။
ရေကြီးရေလျှံမှုသည် သစ်တောပြုန်းတီးမှု၊ သတ္တုတူးဖော်မှုနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးလာမှုကြောင့် ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ပညာရှင်များကပြောသည်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုအတွင်း မကြုံစဖူးနှုန်းများမြေများ တင်ကျန်မှုသည့် သျှမ်းပြည်အရှေ့ပိုင်း (မယ်ဆိုင်အထက်ပိုင်း) ရှိ အကြီးစား ရွှေတူးဖော်မှုများကြောင့် ဖြစ်ကြောင်းလည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ထောက်ပြထားသည်။
အာဏာသိမ်းပြီးနောက်တွင် UWSA “ဝ” တပ်နှင့် ဟားဟူလက်နက်ကိုင် တပ်ထိန်းချုပ်ရာ သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့အရှေ့ဘက် မယ်ဆိုင်မြစ်အထက်ပိုင်းတွင် ရွှေတူးဖော်မှုများ အကြီးအကျယ်တိုးချဲ့လာခြင်း ဖြစ်ကြောင်း SHRF ဆိုထားသည်။
ထို့အပြင် UWSA ထိန်းချုပ်ရာ ထိုင်းနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း မိုင်းယွန်းဒေသတွင်လည်း မြေရှားသတ္တု အလုံးအရင်းဖြင့် တူးဖော်နေကြောင်း၊ ထိုမြေရှားသတ္တုကို UWSA မှလုံခြုံရေးယူပြီး တရုတ်ကုမ္ပဏီများက တူးဖော်နေကြောင်း SHRF အဖွဲ့ တာဝန်ရှိသူ စိုင်းဟော်ရှဲန်က သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ကုမ္ပဏီတွတော့ သေသေချာချာမသိရသေးဘူး။ ဒါပေမဲ့ UWSA “ဝ” တပ်တွေကတော့ လုံခြုံရေးယူထားတယ်။ တူးနေတာကတော့ တရုတ်တွေပဲ” ဟု စိုင်းဟော်ရှဲန်က ပြောသည်။
မြေရှားသတ္တုသည် လျှပ်စစ်ကား (EV)၊ လေစွမ်းအင်သုံးတာဘိုင်များ၊ စမတ်ဖုန်း၊ ကွန်ပျူတာနှင့် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရာတွင် အရေးပါသည်။
ထိုင်း-မြန်မာနယ်စပ် သတ္တုတွင်း လုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်ကို ပြင်းထန်စွာထိခိုက်စေပြီး ဒေသခံ ပြည်သူတစ်သန်းကျော် ကျန်းမာရေးဆိုးရွာစွာထိခိုက်လာနိုင်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ထောက်ပြထားသည်။
သတ္တုတွင်းကထွက်သည့် ဓာတုစွန့်ပစ်ပစ္စည်းများသည် မိုင်းဆတ်ဒေသမှ ချင်းမိုင်ခရိုင် မဲ့အိုင်းမြို့နယ်ထဲသို့ ဖြတ်သန်းစီးဆင်းသော နမ့်ခုတ်မြစ်အတွင်းသို့ စီးဝင်ကာ ရေအရင်းအမြစ်များကို ညစ်ညမ်းစေသည်ဟု ၎င်းကဆိုသည်။
ထို့ပြင် မြေပြိုမှုများ ဖြစ်ပေါ်စေခြင်း၊ မြေပေါ်၊ မြေအောက်ရေများ အဆိပ်သင့်စေခြင်း၊ ငါးများနှင့် တောရိုင်းတိရစ္ဆာန်များကို သေဆုံးစေခြင်းနှင့် စိုက်ပျိုးပင်များကို ထိခိုက်စေခြင်းများ ဖြစ်စေသည်။
ထိုကြောင့် မြစ်အောက်ဖျားပိုင်းတွင် နေထိုင်ကြသော ထိုင်း-မြန်မာဒေသခံ ပြည်သူတစ်သိန်းကျော်၏ ကျန်းမာရေးကို ဆိုးရွာစွာထိခိုက်နိုင်စေသည်ဟု ဆိုသည်။
ထို့ပြင် နမ့်ခုတ်မြစ်တလျှောက်တွင် ရွှေတူးဖော်ရေး လုပ်ငန်များလည်း အများအပြားရှိနေသေးသည်။
သျှမ်းသံတော်ဆင့်မှ ရရှိသော စာတမ်းများအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တစ်ဝှမ်းရှိ သယံဇာတများအား တရားဝင်တူးဖော်ခွင့်နေသည့် ကုမ္ပဏီပေါင်း ၃၀၀ ကျော်ရှိသည်။
ထိုကုမ္ပဏီပေါင်း ၃၀၀ ကျော်အနက် ကုမ္ပဏီ ၁၃၂ ခုမှာ သျှမ်းပြည်တောင်ပိုင်းတွင် တူးဖော်နေပြီး၊ ကျန်သည့် ကုမ္ပဏီ ၉၀ ခုမှာ သျှမ်းပြည်မြောက်ပိုင်းနှင့် ကုမ္ပဏီ ၈၁ ခုမှာ သျှမ်းပြည်အရှေ့ပိုင်းတွင် တူးဖော်နေသည်။







