မြစ်ကြီးနား-ဖားကန့် လမ်းပိုင်းပေါ်က တိုက်ပွဲတွေကြောင့် ဖားကန့်ဒေသဘက်ကို တိမ်းရှောင်လာကြတဲ့ စစ်ရှောင် တစ်ထောင်ကျော်အတွက် အကူအညီများစွာ လိုအပ်နေ

မြစ်ကြီးနား-ဖားကန့် လမ်းပိုင်းပေါ်က တိုက်ပွဲတွေကြောင့် ဖားကန့်ဒေသဘက်ကို တိမ်းရှောင်လာကြတဲ့ စစ်ရှောင် တစ်ထောင်ကျော်အတွက် အကူအညီများစွာ လိုအပ်နေ

မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းက တိုက်ပွဲတွေကြောင့် ဖားကန့်ဒေသဘက်ကို တိမ်းရှောင်လာကြတဲ့ စစ်ရှောင်တစ်ထောင်ကျော်အတွက် အစားအသောက်၊ နေရာထိုင်ခင်းနဲ့ အများသုံးအိမ်သာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာက ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) ဘုရားကျောင်းကို စစ်ရှောင်လာသူတွေအတွက် အစားအသောက်နဲ့ နေထိုင်ခင်းတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“နေတာကတော့ ကျွန်တော်တို့ ဘုရားကျောင်းက စာသင်ကျောင်းအဆောင်တွေမှာ အဆင်ပြေသလို နေကြတယ်။ အစားအသောက် နေရာထိုင်ခင်းတွေလည်း ခက်ခဲတယ် ။ငွေရေးကြေးရေးပိုင်းရောပေါ့။ ရေနဲ့ အိမ်သာတွေလည်း လိုအပ်နေတယ်” လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

မှော်စီစာ KBC ဘုရားကျောင်းဝင်းမှာ ဖွင့်ထားတဲ့ အသင်းတော်အခြေပြု (Myu Sha Jawng) ကျောင်းဆောင်မှာ စစ်ရှောင်တွေ ခိုလှုံနေကြရတာဖြစ်ပြီး ကျောင်းဖွင့်ကာလရောက်ရင် စစ်ရှောင်တွေအတွက် နေရာထိုင်ခင်း အခက်အခဲဖြစ်လာမှာကို စိုးရိမ်နေတယ်လို့လည်း ဆိုပါတယ်။

အထက်ပါဘုရားကျောင်းမှာ နန့်ယားကျေးရွာအထက်ဘက်က စစ်ရှောင် ဒေသခံ အိမ်ထောင်စု ၄၆ စုနဲ့ လူဦးရေ ၁၆၆ ဦး လာရောက်စစ်ရှောင်နေပြီး အမျိုးသမီးနဲ့ ကလေးတွေများတယ်လို့ သိရပါတယ်။

မိုးတွင်းကာလ ရောက်လာပြီဖြစ်တဲ့အတွက် မှော်စီစာဘုရားကျောင်းက စစ်ရှောင်တွေအတွက် နေရာထိုင်ခင်းတွေနဲ့ အများသုံးအိမ်သာတွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

မှော်စီစာတောင်ပေါ် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမှာလည်း စစ်ရှောင်လာသူတွေရှိပြီး စားဝတ်ရေးအတွက် ကူညီထောက်ပံ့မှု လိုအပ်နေတယ်လို့ ဂေါပကတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

"နီးစပ်ရာတွေကတော့ လာလှူတာတွေရှိတယ်။ ဟိုတုန်းကလို ထိုင်းပြည်အခြေအနေက မအေးဆေးတော့ မများဘူးလေ။ ငလျင်ဘေးနဲ့ဘာနဲ့ဆိုတော့၊ စားဝတ်နေရေးခက်ခဲတာပေါ့။ အချိန်ကြာလာတယ်နဲ့အမျှ စားဝတ်နေရေးအခက်အခဲဖြစ်လာမှာပဲ” လို့ အထက်ပါ ဂေါပကက ပြောပါတယ်။

မှော်စီစာတောင်ပေါ်ဘုန်းကြီးကျောင်းမှာ နန့်ယားကျေးရွာ၊ ကပ်မှော်စွပ်ကျေးရွာဘက်က လူဦးရေ ၅၂ ဦး လာရောက်ခိုလှုံနေကြတယ်လို့ သိရပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်က ရရှိထားတဲ့စာရင်းအရ အထက်ပါ ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းအပြင် ကထက်ယန် (Kahtan Yang)၊ Kade၊ ထွယ်ဆန်ယန်၊ နန့်မဖြစ် (Namhpyit)၊ ဆိုင်းအောင်၊ ဆိုင်းတောင်၊ စပေါ့၊ မှော်စီစာ၊ ရှအစ်ယန် (Sha-it yang)၊ ယူမာ၊ ရှရော်ခ၊ နမ့်မှော်နဲ့ ဖားပြင်က စစ်ရှောင်စခန်းတွေမှာ နန့်ယားအထက်ဘက်ကျေးရွာတွေက စစ်ရှောင်လာကြတဲ့ လူဦးရေ တစ်ထောင်ကျော် (၁,၁၄၀ ဦး) ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲအခြေအနေပေါ်မူတည်ပြီး ဒီထက်လည်း ပိုများလာနိုင်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဖားကန့်ဒေသဘက် မတက်လာနိုင်တဲ့ ကပ်မှော်ဇွပ်၊ ဆိုင်းဖရာ၊ နန့်ယား စတဲ့ ကျေးရွာတွေ စစ်ရှောင်ဒေသခံ တစ်ထောင်ကျော်ခန့်လည်း နီးစပ်ရာတောထဲမှာ စစ်ဘေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က မြစ်ကြီးနား-ဖားကန့် လမ်းပိုင်းကို စစ်ကောင်စီက စစ်ကြောင်းထိုးလာခဲ့တာပါ။

အဲဒါကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကနေ ကြားဖြတ်တိုက်ခိုက်နေတာဖြစ်ပြီး လမ်းပိုင်းမှာရှိတဲ့ ကျေးရွာဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...