ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မိုင်းထိ၍ ၂၀ ဦး သေဆုံးဟုဆို၊ အိမ်ခြေ ၅၀ ခန့် မီးရှို့ခံရ

ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မိုင်းထိ၍ ၂၀ ဦး သေဆုံးဟုဆို၊ အိမ်ခြေ ၅၀ ခန့် မီးရှို့ခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သံကုန်းကျေးရွာတွင် မိုင်းကွင်းထဲသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ဦး သေဆုံးခဲ့ကြောင်း ငါန်းဇွန် မီးနဂါးအဖွဲ့ခေါင်းဆောင်က မဇ္ဈိမသို့ ပြောသည်။

ယနေ့ (မေလ ၈ ရက်) နံနက် ၇ နာရီခန့်တွင် မြို့သာမြို့နှင့်ငါန်းဇွန်မြို့အကူး ကားလမ်းပေါ်ရှိ သံကုန်းကျေးရွာအဝင်၌ တောနင်းရန်လူစုနေသည့်စစ်ကောင်စီတပ်သား ၅၀ ကျော်က ကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသည့် မိုင်းကွင်းထဲသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ငါန်းဇွန် မီးနဂါးအဖွဲ့ခေါင်းဆောင်က မဇ္စျိမသို့ ပြောသည်။

“သူတို့ (စစ်ကောင်စီ) လူစုနေတဲ့အချိန်မှာသူတို့အဲ့ဒီရွာအဝင်လမ်းကိုလာမှာသိလို့ မိုင်းထောင်ထားတာ အဲ့ဒီလောက် လူများမယ်လို့ မထင်ထားဘူး။ သူတို့က ကိုယ်တွေမိုင်းကွင်းထဲဝင်လာလို့ သေတာ။ ၂၀ လောက်သေတယ်၊ တုံးလုံးပက်လက်တွေ အများကြီးပဲ။ ဟိုတခါ (ဧပြီလ ၂၀ ရက်) ကလည်း ခုနစ်ကောင်က လက်နက်ကြောင့်သေတာ၊ ကျန်တာ မိုင်းကြိုးနဲ့ငြိပြီးထိတာ” ဟု ငါန်းဇွန် မီးနဂါးအဖွဲ့ခေါင်းဆောင်က ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များသည် ဖောကား ၁၀ စီးဖြင့် အဆိုပါနေရာသို့ ဝင်ရောက်လာခဲ့ရာ ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ငယ်များဖြင့် ပစ်ခတ်ရင်း မိနစ်ပိုင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် တပ်ဆုတ်ခွာခဲ့ရသည်။

ထို့နောက် နံနက် ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ သံကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဒေသခံများ အလျင်အမြန် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

အိမ်ခြေ ၂,၀၀၀ ခန့်ရှိသည့် သံကုန်းကျေးရွာတွင် အိမ်ခြေ ၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ရွာလယ်ဘုန်းကြီးကျောင်းအတွင်းရှိ ပစ္စည်းများနှင့် ကားတစီးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ယူဆောင်သွားခဲ့သည်။

“မီးရှို့ပြီးတော့ ဘုန်းကြီးကျောင်းရဲ့ကားတွေ ပစ္စည်းတွေသယ်တယ်၊ အခုတခေါက် ၅၀ ကျော်ရှို့တာ။ မီးတင်တော့ ပြည်သူတွေက တရွာလုံးပြေးလာတာမြင်နေရတာ၊ မီးခိုးအလုံးတွေ အခုရွာထဲတယောက်မှ မနေရဲဘူး” ဟု ဒေသခံတဦးက ပြောသည်။

ယနေ့တိုက်ခိုက်မှုတွင် ငါန်းဇွန်မီးနဂါးအဖွဲ့နှင့် စစ်ကိုင်းခရိုင်တပ်ရင်း (၄) တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်ကလည်း သံကုန်းကျေးရွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ခုနစ်ဦး လက်နက်ငယ်ကြောင့် သေဆုံးပြီး ၁၀ ဦးခန့် မိုင်းဒဏ်ရာရရှိခဲ့သည်။

ယခုဖြစ်စဉ်အပါအဝင် သံကုန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၇၀ ကျော် မီးလောင်ပျက်စီးသွားခဲ့ပြီဖြစ်သည်။

January 16, 2026
ပါခွီး — ချင်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစု လေးဖွဲ့ ပေါင်းစည်းလိုက်ခြင်းကြောင့်...
January 15, 2026
မြင်းခြံခရိုင်၊ တပ်ရင်း (၃) ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည့် ဒု-ပျူခေါင်းဆောင် စိန်လွင်နှင့်အတူ WY...
ရန်ကုန် ကမာရွတ်မြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း(၂) အတွက် မဲပေးမှု။ (SAI AUNG MAIN / AFP)
January 13, 2026
ရွေးကောက်ပွဲအပိုင်း(၂) ကျင်းပနေသည့် မြို့နယ် ၁၀ ခုထက်မနည်း တိုက်ခိုက်ခံရကာ ဝန်ထမ်းနှစ်ဦး...