မွတ်ဆလင်ကျေးရွာများကို အကာအကွယ်ယူပြီး ARSA က တိုက်ခိုက်မှုများလုပ်လာ

မွတ်ဆလင်ကျေးရွာများကို အကာအကွယ်ယူပြီး ARSA က တိုက်ခိုက်မှုများလုပ်လာ

ပုံအညွှန်း - မောင်တော - ကြိမ်ချောင်း - တောင်ပြိုလက်ဝဲ လမ်းဆုံကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။

မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ ARSA အဖွဲ့သည် မောင်တောမြို့နယ်က မွတ်ဆလင်ကျေးရွာများကို အကာအကွယ်ယူပြီး အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများ၊ ဒေသခံများကို ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

မေလ ၁ ရက်က မောင်တောမြို့နယ်၊ ဦးရှည့်ကျကျေးရွာတွင် ARSA တပ်ဖွဲ့ဝင်များရောက်ရှိနေကြောင်း သတင်းရ၍ အာရက္ခတပ်တော်၏ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးစဉ်မှာ ARSA အဖွဲ့က ကျေးရွာအတွင်းကနေ ပစ်ခတ်တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ကြောင်း ဆိုသည်။

ဒေသခံသတင်းရင်းမြစ်တစ်ဦးက “အရင်က ARSA က တောတောင်ထူထပ်တဲ့ လမ်းပိုင်းတွေမှာပဲ ခြုံခိုတိုက်ခိုက် တာရှိတယ်။ အခုက မွတ်ဆလင်ကျေးရွာတွေကို အကာကွယ်ယူပြီး တိုက်ခိုက်လာတာတွေရှိတယ်။ ARSA တပ်ဖွဲ့ဝင်တွေ ဦးရှည့်ကျကျေးရွာမှာ ရောက်နေတယ်လို့ သတင်းရလို့ သွားရောက် စစ်ဆေးစဉ်မှာ ARSA တပ်ဖွဲ့ဝင် ၁၀ ကျော်က ကျေးရွာအတွင်း အကာကွယ်ယူပြီး တိုက်ခိုက်ထွက်ပြေးသွားတာရှိတယ်။ အထိအခိုက်တော့ မရှိဘူး။ တိုက်ခိုက်မှုကြောင့် ဦးချည့်ကျကျေးရွာမှာ စစ်ဆေးမှု ပြုလုပ်ခဲ့ကြတာတော့ရှိတယ်” ဟု ပြောသည်။

ARSA အဖွဲ့သည် လက်ရှိတွင် မောင်တောမြောက်ပိုင်းရှိ ဦးရှည့်ကျ၊ သူဦးလာ၊ မြောတောင်၊ ရီတွင်းကျွန်း၊ လိပ်ရ၊ ကျောက်ချောင်းစသည့် ကျေးရွာများတွင် အခြေပြုလှုပ်ရှားပြီး အနီးအနား ဒေသခံခရီးသွားများနှင့် အာရက္ခတပ်တော်၏ တပ်ဖွဲ့များကို မကြာခဏ ခြုံခို တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။

မေလ ၄ ရက် ညနေကလည်း မောင်တောမြို့နယ်၊ ကျောက်ချောင်း (မွတ်ဆလင်) ကျေးရွာက ကျေးရွာသား ၃ ဦးကို ARSA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ယင်းနောက် အာရက္ခတပ်တော်နှင့် ကျေးရွာသားများ လိုက်လံရှာဖွေကြရမှာ လိပ်ရကျေးရွာနှင့် ကျောက်ချောင်း ကျေးရွာကြားတွင် မေလ ၅ ရက် နေ့လည် ၂ နာရီကျော်တွင် ကျေးရွာသား နှစ်ဦးနှင့်အတူ ARSA အဖွဲ့ဝင် နှစ်ဦးကို ရှာဖွေတွေ့ ရှိခဲ့ကြောင်း သိရသည်။

“ရွာသားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လိုက်လံရှာဖွေကြစဉ်မှာ လိပ်ရနဲ့ ကျောက်ချောင်းကြားမှာ ပြန်လည်ရှာတွေ့ခဲ့တယ်။ အဲဒီအနီးမှာ ARSA အဖွဲ့ဝင် နှစ်ဦးကိုလည်း လက်ရဖမ်းဆီးရမိတာရှိတယ်။ ARSA တွေကတော့ သူတို့မှာ ရခိုင်၊ မွတ်ဆလင် ခွဲတာမရှိဘူး။ သူတို့ မထောက်ခံရင် အကုန်ဖမ်းတယ်။ သတ်ဖြတ်တယ်” ဟု နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ARSA အဖွဲ့ထံ ဖမ်းဆီးခံခဲ့ရသူ ၃ ဦးမှာ ကျောက်ချောင်းကျေးရွာက အသက် (၄၂) နှစ်အရွယ် မာမတ်အာယုပ်၊ အသက် (၂၆) နှစ်အရွယ် အီလိယာစ်နှင့် အသက် (၄၇) နှစ်အရွယ် ဂေါ်ဖုရ်အာလာမ်တို့ ဖြစ်ကြသည်။

ARSA တပ်ဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ ရခိုင်ပြည်ထဲသို့ ဝင်ရောက်လှုပ်ရှားပြီး နယ်စပ်ဒေသလုံခြုံရေးကို အန္တရာယ်ပြုနေသဖြင့် မောင်တောဒေသလုံခြုံရေးအတွက် အထူးစိုးရိမ်စရာဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။

မောင်တောမြို့နယ်မြောက်ပိုင်းမှာ ARSA အဖွဲ့က လှုပ်ရှားမှုများကြောင့် အာရက္ခတပ်တော်နှင့် မကြာခဏ ဆိုသလို ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများရှိပြီး အာရက္ခတပ်တော်ဖက်ကလည်း နယ်မြေရှင်းလင်းမှုများ ပြုလုပ်ခြင်းများရှိနေသည်။

Most read this week

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...