စစ်ကောင်စီပူးပေါင်းတပ် လေကြောင်းပစ်ကူနဲ့ နန့်ယားကိုကျော်ပြီး ကပ်မှော်ရွာထဲရောက်ရှိ

စစ်ကောင်စီပူးပေါင်းတပ် လေကြောင်းပစ်ကူနဲ့ နန့်ယားကိုကျော်ပြီး ကပ်မှော်ရွာထဲရောက်ရှိ
ဓာတ်ပုံ - ပုံဟောင်း
ဓာတ်ပုံ - ပုံဟောင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ဘက်ကို အင်အားထောင်ချီသုံးပြီး ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီပူးပေါင်းတပ်ဟာ နန့်ယားကျေးရွာကိုကျော်ပြီး ကပ်မှော်ရွာထဲထိ ရောက်ရှိနေပြီလို့ ဒေသခံတွေပြောပါတယ်။

ဖေဖော်ဝါရီလ တတိယအပတ်ကနေ ဖားကန့်ဘက်ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီပူးပေါင်းတပ်က ဧပြီလ ၂ ရက်နေ့ နန့်ယားကျေးရွာရောက်ပြီး နှစ်ဖက်စစ်ဆိုင်ထားတဲ့ အခြေနေကနေ မေလ ၅ ရက်နေ့မှာတော့ ကပ်မှော်ရွာထဲထိရောက်ရှိနေပြီလို့ KIA နဲ့နီးစပ်တဲ့ဒေသခံ အမျိုးသားတစ်ဦး  KNG  ကို ခုလိုပြောပါတယ်။

"လေယာဉ်ပစ်ကူနဲ့ကျော်လာနိုင်တာလို့ ယူဆတယ်။ မနေ့ကအထိ နန့်ယားမှာ စစ်ဆိုင်ထားတဲ့အခြေနေပါ။ နန့်ယားဘက် မနေ့က လေယာဉ်လာပစ်တာရှိတယ်။ အဲကြောင့်ကျော်လာနိုင်တဲ့အနေထားပဲ" လို့ ပြောပါတယ်။

မေလ ၂ ရက်နေ့ နန့်ယားအထိထိုးတက်လာတဲ့ စစ်ကောင်စီပူးပေါင်းတပ်ကို KIA ပူးပေါင်းတပ်က နန်ယားရွာအနီး စောင့်ကြိုတိုက်ခိုက်ရာ ၂ ရက်တိတိတိုက်ပွဲပြင်းထန်ခဲ့ချိန် စစ်တပ်ဘက်က တိုက်ပွဲနေရာအနီးတစ်ဝိုက်လေကြောင်းပစ်ခတ်မှု အဆက်မပြတ်လုပ်ဆောင်လာခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့်‌ မေလ ၅ ရက်နေ့ ဒီမနက် ၅ နာရီဝန်းကျင်မှာတော့ နန့်ယားကျော်ပြီး ကပ်မှော်ရွာထဲဝင်ရောက်လာကာ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရား ကျောင်းဝင်းထဲနေရာယူထားကြတယ်လို့ ဒေသခံတွေပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဧပြီလ ၂၃ ရက်စပြီး အင်းတော်ကြီးဒေသဘက်နဲ့ တနိုင်းလီဒိုလမ်းမ၊ လဝါးကျေးရွာကနေ ကားမိုင်း- ဖားကန့်ဒေသဘက်ကို ဦးတည်ပြီး ထိုးစစ်ဆင်နေတာ ခုဆိုရင် နှစ်ပတ်ဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းတွေကို ဧပြီလ ၂၄ ရက်နေ့က‌နေ ၂၈ ရက်နေ့ထိ KIA ပူးပေါင်းတပ်က မအူပင်ရွာနဲ့ ကျောက်ထုရွာကြား ပိတ်ဆို့တိုက်ခိုက်နိုင်ပေမယ့် စစ်တပ်ရဲ့ လေကြောင်းပစ်ကူကြောင့် မအူပင်ကနေ နန့်ယား၊ ကပ်‌မှော်အထိ ထပ်ပြီး ကျော်တက်နိုင်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်ဘက်က ခုလို အင်အားထောင်ချီအသုံးပြုပြီး ဖားကန့်ဘက်ကို ထိုးစစ်ဆင်တာဟာ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်ဖြစ်တယ်လို့ KIA နဲ့နီးစပ်တဲ့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

"အာဏာသိမ်းပြီးနောက်ပိုင်း ဒီဘက်က စခန်းဝင်သိမ်းတာ၊ ထိုးစစ်ဆင်တာကများတယ်။ သူတို့ဘက်က အင်အားအများကြီးနဲ့ စစ်ဆင်လာတာ ဒါ ပထမအကြိမ်ပြောလို့ရတယ်။ သူတို့ကလည်း ဒီနယ်မြေကို လွယ်လွယ်နဲ့ လက်လွှတ်မှာမဟုတ်ဘူးလေ" လို့ ပြောပါတယ်။

ဖားကန့်ပြည်သူတွေအကြားမှာတော့ စစ်တပ်ဘက်က ခုလို ထိုးစစ်‌ဖော်ဆောင်လာတာဟာ ဖားကန့်မြို့နယ်ကို ပြန်ပြီး ထိန်းချုပ်နိုင်ဖို့နဲ့ KIA သိမ်းပိုက်ထားတဲ့နယ်မြေတွေ ပြန်ရရှိဖို့ ဖြစ်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။

ဒါ့အပြင် မေလ ၂ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဘက်က ကံဆီးဗျူဟာကုန်းမှာ စစ်ရဟတ်ယာဉ်နဲ့ အရာရှိတစ်ချို့ လာရောက်ပို့ဆောင်သွားကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပေမယ့် KNG အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဖားကန့်သွားလမ်းပေါ်က နန့်ယားကျေးရွာအပါ ဆိုင်းဖရာနဲ့ ကပ်မှော်ဒေသတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလ ၁၀ ရက်ကျော်အတွင်းမှာပဲ KIA ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်ပြီး KIO အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်တာ တစ်နှစ်ပြည့်ချိန် စစ်ကောင်စီတပ်ဘက်က အခုလို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်လာတာလည်းဖြစ်ပါတယ်။

ခုလို ဖားကန့်သွားလမ်းပေါ်မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တွေကြား တိုက်ပွဲကြောင့် နန့်ယား၊ နန့်တိန့်၊ ကပ်မှော်၊ ဆိုင်းဖရာ၊ တံတားညီနောင်၊ ပျားအုံ၊ ခွမ်စိုင်ဇွပ်စတဲ့ ကျေးရွာက ပြည်သူများလည်း ဧပြီလ ၂၄ ရက်နေ့စပြီး တိမ်းရှောင်ကြပြီဖြစ်ပါတယ်။

လတ်တလော ဖားကန့်ဘက် ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့မှာ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ဖွဲ့က အများဆုံးပါဝင်ပြီး လေကြောင်းအကူနဲ့ အပြင်းထန် ထိုးစစ်ဆင်လာတာကြောင့် ဖားကန့်မြို့တွင်း တိုက်ပွဲပြင်းထန်လာမှာကို ဖားကန့်ပြည်သူများ စိုးရိမ်နေကြပါတယ်။

ဖားကန့်မြို့တွင်း နေရာအများပိုင်းကို ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းကနေ KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားတာဖြစ်ပြီး စစ်တပ်ဘက်က မြို့တွင်းဗျူဟာကုန်းနဲ့ နေရာတစ်ချို့မှာသာ ကျန်ရှိတာဖြစ်ပါတယ်။

ကမ္ဘာကျော် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသဟာ စစ်ကောင်စီတပ်၊ KIA အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် ဝင်ငွေအများအပြားရရှိနေတဲ့ နေရာဒေသဖြစ်ပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...