စာမေးပွဲပြန်ဖြေမည့် ကျောင်းသားများအတွက် ရက်ပေါင်း ၅၀ ကြာ လေ့ကျင့်သင်ကြားရေးစခန်း ဖွင့်မည်

စာမေးပွဲပြန်ဖြေမည့် ကျောင်းသားများအတွက် ရက်ပေါင်း ၅၀ ကြာ လေ့ကျင့်သင်ကြားရေးစခန်း ဖွင့်မည်
ဟုမ္မလင်းစာစစ်ဌာနမှ စာမေးပွဲဖြေဆိုပြီးပြန်လာသည့် ကျောင်းသားများကိုတွေ့ရစဉ် / Credit
ဟုမ္မလင်းစာစစ်ဌာနမှ စာမေးပွဲဖြေဆိုပြီးပြန်လာသည့် ကျောင်းသားများကိုတွေ့ရစဉ် / Credit

တက္ကသိုလ်ဝင်တန်း အဖြေလွှာများ မီးလောင်ပျက်စီးမှုကြောင့် စာမေးပွဲထပ်မံဖြေဆိုမည့် ကျောင်းသား/သူများအတွက် လေ့ကျင့်သင်ကြားရေးစခန်းဖွင့်လှစ်ပြီး ရက်ပေါင်း ၅၀ ကြာ လေ့ကျင့်သင်ကြားရေး ပြုလုပ်သွားမယ်လို့ ပညာရေးဝန်ကြီးဌာန ခေတ္တညွှန်ကြားရေးမှူးက ဆိုပါတယ်။

ဧပြီလ ၂၈ ရက်နေ့ကနေ စတင်ပြီး လေ့ကျင့်ရေးစခန်းတွေကို ဖွင့်လှစ်သွားမှာဖြစ်ပြီး ကျောင်းသားတွေရဲ့ နေထိုင်စားသောက်ရေးတွေကိုလည်း တာဝန်ယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

လေ့ကျင့်သင်ကြားရေးစခန်း (Camp) တွေမှာ  Revision Class (စာပြန်နွေးတဲ့အတန်း) ပုံစံ အနီးကပ် သင်ကြားပေးသွားမှာဖြစ်ပြီး တက္ကသိုလ်က ပါမောက္ခတွေနဲ့ ဆရာမတွေက  သင်ကြားပေးသွားမှာလို့ သိရပါတယ်။

လက်ရှိမှာတော့ ကချင်ပြည်နယ်ထဲက မြို့နယ်တချို့မှာ လေ့ကျင့်သင်ကြားနိုင်ရေးအတွက် ပြင်ဆင်မှုတွေရှိနေပြီလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

လေ့ကျင့်ရေးစခန်းတွေအတွက် စစ်ကောင်စီက ပြင်ဆင်ထားမှုတွေရှိနေပေမယ့် နယ်မြို့အများစုတွေမှာတော့ အခုလိုပြင်ဆင်ထားမှုတွေကို မတွေ့ရသေးကြောင်း စုံစမ်းသိရှိရပါတယ်။

“အခုတော့ ဘော်ဒါဆောင်တချို့က ကျောင်းသားလေးတွေကို လက်ခံနေပြီ။ ကျောင်းသားလေးတွေ လာကြတာတွေရှိတယ်။ စုံအောင်တော့ မဟုတ်ဘူးပေါ့၊ လာတဲ့သူတွေလည်း လာတယ်။ မလာတဲ့သူတွေလည်း မလာဘူး။ ဆယ်တန်းအတွက်ကတော့ အမှတ် ၁ ကျောင်းဝင်းထဲမှာတော့ လုံခြုံရေးတွေ ချထားတာတွေ့တယ်။ အဲ့တာ ကျောင်းဖွင့်တာလား သေချာမသိရသေးဘူး” လို့ မိုးညှင်းဒေသခံတစ်ဦးက ပြောပါတယ်။

ပြန်လည်ဖြေဆိုဖို့အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကဒ်ပြားတွေကို လာမယ့် ဇွန်လ ၁၆ ရက်နေ့ကနေ စတင်ထုတ်ယူလို့ရမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

တက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုရမယ့် စစ်ကိုင်း၊ ကချင်နဲ့  မန္တလေးက ကျောင်းသား/သူ ခြောက်သောင်းခွဲကျော်ရှိပြီး စစ်ကောင်စီက ငလျင်နဲ့ စစ်ဘေးသင့်ဒေသက ကျောင်းသားတွေအတွက် မည်သို့စီစဉ်ထားသလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။

ရှမ်းနီအသံက စုံစမ်းမေးမြန်းမှုတွေအရ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခဲ့သူတချို့ဟာ လုပ်ငန်းခွင်ထဲကို ဝင်ရောက်သွားခဲ့တာတွေကြောင့် ပြန်လည်ဖြေဆိုဖို့ မဖြစ်နိုင်ကြောင်း ပြောဆိုကြပါတယ်။

“ကျွန်တော်တို့ မိဘအနေနဲ့ကတော့ ၁၂ တန်းဖြေထားပြီးတဲ့ဟာတွေက ဘယ်လိုပြောရမလဲ အခက်အခဲအမျိုးမျိုးကြားထဲကနေပြီးတော့မှ ဖြေခိုင်းထားရတာပေါ့ကွာနော် အခက်အခဲကြားထဲက ဖြေခိုင်းထားခဲ့ရတာကို နောက်ထပ်တစ်ခါ ထပ်ဖြေရမယ်ဆိုတော့ ကလေးတွေက အခုဆိုရင် စာကျက်တဲ့နေရာလည်းမရှိဘူး။ သူတို့ ခရီးထွက်ပြီးတော့မှ ပိုက်ဆံတွေဘာတွေ ရှာရတာပေါ့ကွာနော့် အဲ့လိုမျိုးတွေရှာရတော့ စာနဲ့ အလှမ်းဝေးသွားတော့ ပြန်ဖြေရမယ်ဆို အခက်အခဲတွေ အများကြီးကြုံနိုင်တယ်ဗျာ့။ စစ်ဘေးရှောင်လို့လာနေထားတာ ဟုတ်ပါတယ်။ စစ်ဘေးရှောင်ရင်း ကျွန်တော်တို့သားသမီးတွေကိုလည်း စာတတ်ခိုင်းစေချင်လို့ အခက်အခဲအမျိုးမျိုးကြားထဲက ၁၂ တန်းမဖြေဖြစ်၊ ဖြေဖြစ်အောင်လေး ဖြေခိုင်းထားတာ။ ဒီလိုဖြစ်သွားတယ်ဆိုတော့” လို့ စစ်ဘေးရှောင် ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

ငလျင်ကြောင့် မန္တလေးတက္ကသိုလ်အတွင်းထားရှိတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာတွေဟာ မီးလောင်ပျက်စီးခဲ့တာကြောင့် နောက်ထပ်တစ်ကြိမ် ထပ်မံဖြေဆိုဖို့ ဧပြီလလယ်မှာပဲ စစ်ကောင်စီက ကြေညာခဲ့တာဖြစ်ပါတယ်။

ပြန်လည်ဖြေဆိုရမယ့်အပေါ် ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေက အမြင်သဘောထားအမျိုးမျိုးရှိနေပြီး ပြန်လည်ဖြေဆိုဖို့ အခက်အခဲစိန်ခေါ်မှုတွေရှိတယ်လို့ ထုတ်ဖော်ပြောဆိုထားကြပါတယ်။

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...