ငလျင်ဒဏ်သင့် မန္တလေးတွင် ၄ ရက်အတွင်း ဓားပြတိုက် လုယက်မှု ၂ ကြိမ်ဖြစ်၊ အငြိမ်းစားပါမောက္ခ ၁ ဦး သေဆုံး

ငလျင်ဒဏ်သင့် မန္တလေးတွင် ၄ ရက်အတွင်း ဓားပြတိုက် လုယက်မှု ၂ ကြိမ်ဖြစ်၊ အငြိမ်းစားပါမောက္ခ ၁ ဦး သေဆုံး

အင်အားပြင်းငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသည့် မန္တလေးမြို့တွင် လေးရက်အတွင်း လုယက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကာ အငြိမ်းစားပါမောက္ခတဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဇ္ဈိမကို ပြောသည်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင်နေထိုင်သည့် အငြိမ်းစားပါမောက္ခ ဒေါက်တာထွေးထွေးကို ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ၎င်း၏မိတ်ဆွေဖြစ်သူ အိမ်ခြံမြေပွဲစားက အိမ်လိုက်ပြမည်ဟုဆိုကာ ပုသိမ်ကြီးမြို့နယ်ကို ခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

သေဆုံးခဲ့သည့် အငြိမ်းစားပါမောက္ခသည် အသက် ၆၆ နှစ်အရွယ်ရှိပြီး နေအိမ်တွင် တဦးတည်းနေထိုင်သူဖြစ်ကာ အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

“အိမ်ပြမယ်ဆိုပြီး အိမ်ပွဲစားက ခေါ်သွားပြီးတဲ့နောက် ရိုက်နှက်ပြီး အသတ်ခံလိုက်ရတာ။ ခေါ်သွားတဲ့ ပွဲစားကလည်း ဒေါ်ထွေးထွေးနဲ့မိတ်ဆွေတွေလို့ သိရတယ်။ သူ့ရဲ့ လက်ဝတ်လက်စားတွေလည်း ပါသွားတယ်။ ကျူးလွန်သူကို ဖမ်းဆီးရမိတာ မကြားသေးဘူး” ဟု ဒေသခံသတင်းရင်းမြစ်က ဆိုသည်။

အငြိမ်းစားပါမောက္ခ သတ်ဖြတ်ခံရပြီး ပစ္စည်းများ လုယက်ခံရမှုဖြစ်စဉ်ကို ၎င်း၏ ဆွေမျိုးတော်စပ်သူကလည်း လူမှုကွန်ရက်တွင် ရေးသားထားပြီး ယမန်နေ့က နာရေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ပစ္စည်းလုပြီး လူသတ်ခဲ့သည့်ဖြစ်စဉ်တွင် ကျူးလွန်သူကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သတင်းရင်းမြစ် က ပြောသည်။

အလားတူ ဧပြီလ ၂၈ ရက်နေ့ကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်ရှိ ရွှေဇာမဏီရွှေဆိုင်ကို ကားတစီးဖြင့် သေနတ်ကိုင်ဆောင်ထားသည့် လူငါးဦးလာရောက်ကာ ဓားပြတိုက်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ဓားပြအဖွဲ့က လက်နက်များဖြင့်ခြိမ်းခြောက်ပြီး ရွှေဇာမဏီရွှေဆိုင်မှ ရွှေ ၂၃ ကျပ်သားခန့်နှင့် ဖုန်းတလုံးကို ယူဆောင်သွားပြီးနောက် ၎င်းတို့စီးနင်းလာသည့် Honda Insight အမျိုးအစားကားနှင့် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

“မနေ့က နေ့လည်ပိုင်းက ရွှေဆိုင်ကို ဓားပြဝင်တိုက်တာ လူတွေကိုတော့ ဘာမှမလုပ်သွားဘူး။ ရွှေတွေနဲ့ ဖုန်းတွေကို ယူသွားကြတယ်။ ဓားပြတိုက်တဲ့သူတွေထဲမှာ ပြောက်ကျားဝတ်စုံနဲ့ လူနှစ်ယောက်ပါတယ်” ဟု ဖြစ်စဉ်ဖြစ်ပွားသည့် ရပ်ကွက်အတွင်း နေထိုင်သူ ဒေသခံက ပြောသည်။

အဆိုပါ ဖြစ်စဉ်၌လည်း ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများခဲ့သည့် မန္တလေးမြို့တွင် ငလျင်လှုပ်ပြီး တလကျော်လာသည့်အချိန်အထိ ပြည်သူအများစုမှာ နေအိမ်များတွင် ပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးပဲ ယာယီခိုလှုံရာနေရာများတွင် နေထိုင်နေရဆဲဖြစ်သည်။

ငလျင်ဒဏ်သင့် မန္တလေးမြို့၌ ဆိုင်ကယ်လုယက်ခြင်း၊ နေအိမ်အတွင်း ဝင်ရောက်ခိုးယူခြင်းကဲ့သို့ တရားဥပဒေမဲ့လုပ်ရပ်များ အချိန်မရွေး ဖြစ်ပွားနေသည့်အတွက် နေ့စဉ်ဘ၀တွင် မလုံခြုံမှုများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောကြားထားကြသည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...