လားရှိုးအား ပြန်ရယူနိုင်ရေး ကြိုးပမ်းမည်ဟု KNDF ပြော

လားရှိုးအား ပြန်ရယူနိုင်ရေး ကြိုးပမ်းမည်ဟု KNDF ပြော

တရုတ်၏ ဖိအားကြောင့် လက်လွတ်လိုက်ရသည့် လားရှိုးမြို့ကို ပြန်ရယူနိုင်ရေး ပူးပေါင်းလုပ်ဆောင်ကြရမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ခေါင်းဆောင် ခွန်းဘီထူးက ပြောသည်။

တရုတ်၏ ကြီးမားသည့် ဖိအားများကြောင့် လားရှိုးမြို့မှ ပြန်ဆုတ်ပေးလိုက်ရသည့်အတွက် လားရှိုးပြည်သူများနှင့် ကိုးကန့်တပ်မတော် MNDAA တို့အတွက် စိတ်မကောင်းဘူးဟု KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောသည်။

“ကိုးကန့်တွေဘက်က တရုတ်ရဲ့ ဖိအားကြောင့်မလို့ပေါ့ လားရှိုးကနေ ပြန်ပြီး ဆုတ်ပေးလိုက်ရတဲ့ဟာမျိုးတွေ ကြားရတဲ့အတွက် လားရှိုးပြည်သူတွေအတွက် ကိုးကန့်ရဲဘော်တွေအတွက် စိတ်မကောင်းဘူးပေါ့နော်။ ဒါကတော့ အမှန်အကန်ပဲ”

လက်ရှိတွင် တရုတ်၏ အကူအညီနှင့် လားရှိုးမြို့ထဲကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနှင့် ပြန်လည်ဝင်ရောက်နေပြီဟု မြို့ခံများက ပြောသည်။

လားရှိုးမြို့သည်  ကိုးကန့်တပ်ဖွဲ့ MNDAA အပါအဝင် မဟာမိတ်တပ်တို့၏ အသက်များစွာနှင့် ရင်းပြီးမှ   ခက်ခက်ခဲခဲ တိုက်ယူထားခဲ့ရသည့်အတွက် လွယ်လွယ်နှင့် လက်လွတ်၍မရဘူးဟု ခွန်းဘီထူးက ဆိုသည်။

ထို့ကြောင့် လက်ရှိဖြစ်စဉ်မှာ ခဏနောက်ဆုတ်ပေးထားရသော်လည်း အချိန်ကာလတစ်ခုရောက်ပါက နည်းလမ်းပေါင်းစုံနှင့် လားရှိုးမြို့ကို ပြန်ပြီးရယူရန် လုပ်ဆောင်ကြရမည်ဟု ခွန်းဘီထူးက ဆက်ပြောသည်။

“ဒါပေမယ့် အခုနပြောတဲ့ အခြေအနေတွေကို နည်းလမ်းပေါင်းစုံရှာပြီးမှ ပြန်ကျော်လွှာဖို့ လုပ်ရမယ်ပေါ့နော်။ လားရှိုးကို အချိန်ကာလတစ်ခု လက်လွတ်လိုက်ရတာ မှန်ပေမယ့် တခြားနည်းလမ်းရှာပြီးမှ ပြန်ပြီးမှ ရယူရလိမ့်မယ်ပေါ့နော်။ တခြားနေရာမှာလည်း စစ်ဆင်ရေးပုံစံအမျိုးမျိုးနဲ့ ပုံစံတစ်မျိုးနဲ့ ပြန်သွားရလိမ့်မယ်ပေါ့”

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF သည် လားရှိုးမြို့သိမ်းတိုက်ပွဲ၌ အခြားသော မဟာမိတ်များနှင့်အတူ ကိုးကန့်တပ် MNDAA ဘက်မှ ဝင်ရောက်ကူညီတိုက်ခိုက်ခဲ့ကြသည်။

ကိုးကန့်တပ် MNDAA သည် ‘၁၀၂၇ စစ်ဆင်ရေး’ ကာလဖြစ်သည့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ဧပြီလ တတိယပတ်မှစတင်၍ တရုတ်၏ ဖိအားများကြောင့် မြို့ပေါ်မှ ဆုတ်ခွာပေးရန် သဘောတူပေးလိုက်ရခြင်း ဖြစ်သည်။

သို့သော် လားရှိုးမြို့ပြင် ပတ်ပတ်လည်ရှိ ကျေးရွာများတွင် MNDAA က တပ်စွဲမှုများ ဆက်လက်ရှိနေဦးမည် ဖြစ်သည်။

Most read this week

August 4, 2026
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်း အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၇ ဦးမှာ...
ပုံဟောင်း (တပ်မတော်လေ)
August 3, 2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးတွင် ယနေ့ (ဩဂုတ်လ ၃ ရက်)...
August 3, 2026
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်တစ်ဦးသည် ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်...
ဓါတ်ပုံ - RSM
August 3, 2026
ကချင်ပြည်အတွင်းက ဗန်းမော်၊ ရွှေကူနှင့် ခေါင်လန်ဖူးဒေသများတွင် တိုက်ပွဲများ အပြင်းအထန်...