စစ်ကျန်မိုင်းများကြောင့် အမ်းဒေသခံ စစ်ဘေးရှောင်များ နေအိမ်ပြန်ပြီး လုပ်ကိုင်စားသောက်ရန် အခက်အခဲကြုံနေ

စစ်ကျန်မိုင်းများကြောင့် အမ်းဒေသခံ စစ်ဘေးရှောင်များ နေအိမ်ပြန်ပြီး လုပ်ကိုင်စားသောက်ရန် အခက်အခဲကြုံနေ

ရခိုင်ပြည်၊ အမ်းမြို့နှင့်တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများ မြို့ပတ်ဝန်းကျင်တွင် အာရက္ခတပ်တော် (AA) က မိုင်းများကို ရှင်းလင်းနေသော်လည်း စစ်ကောင်စီကထောင်ထားသည့် မိုင်းအရေအတွက် အလွန်များပြားသဖြင့် အပြီးသတ် မရှင်းလင်းဘဲဖြစ်နေ၍ စစ်ဘေးရှောင်များအနေဖြင့် နေရပ်ပြန်ပြီး လုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်နေသည်ဟု သိရသည်။

အမ်းလုံး‌ကျေးရွာမှ ဒေသခံ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက "အိမ်ပြန်လို့လည်းမရသေးဘူး။ ရွာတွေကလည်းမီးတိုက်ခံထားရတယ်။ တောင်ယာတွေမှာလည်း မိုင်းတွေအများကြီး။ လယ်ကွင်း‌တွေမှာလည်း မပေါက်သေးတဲ့ ဗုံးတွေကျန်တာရှိတယ်။ အမ်းမှာထောင်ထားတဲ့ မိုင်းက တခြားနေရာထက်များတယ်။ ရှင်းမကျင်းနိုင်သေးဘူး" ဟု နိရဉ္စရာကိုပြောသည်။

အမ်းမြို့နယ်မှ စစ်ဘေးရှောင်များမှာ အဝတ်တတည်ကိုယ်တခုဖြင့် စစ်ဘေးရှောင်နေရသည့်အပြင် မိမိနေရပ်၊ ကျေးရွာများကိုလည်း ပြန်ပါက တော၊ တောင်၊ တောင်ယာ၊ လယ်ကွင်းများတွင် စစ်ကျန် စစ်လက်နက်အကြွင်းအကျန်အပိုင်းအစများအပြင် ထောင်ထားခဲ့သည့် မြေမြှပ်မိုင်းများစွာ ကျန်ရှိနေသေးသည့်အတွက် လုပ်ကိုင်စားသောက်ရန် အခက်ခဲကြုံနေရသည်ဟု သူကပြောဆိုသည်။

အမ်းမြို့သိမ်းတိုက်ပွဲအတွင်းက အမ်ဒေသခံများ စိုက်ပျိုးခဲ့သည့် စပါးခင်း၊  သီးနှံများလည်း တိုက်ပွဲကြောင့် မရိတ်သိမ်းခဲ့ရသဖြင့် ပျက်စီးသွားခဲ့ရကာ နေရပ်ပြန်ပါက ပြန်လည်ထူထောင်ရန် ခက်ခဲနေသည်ဟု အမ်းမြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။

"တိုက်ပွဲအတွင်းက စပါးတွေမရိတ်ခဲ့ရ၊ ဒီအတိုင်းပစ်ထားခဲ့ရလို့ စပါးတွေပျက်စီးတယ်။ တကယ်လို့ နေရပ်ပြန်ပြီး ပြန်လုပ်စားမယ်ဆိုရင် သုညဘဝကနေစရမှာ။ နေအိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းတွေ ကျွဲ၊ နွားတွေလည်း မရှိတော့ဘူး" ဟု ပြောသည်။

အမ်းမြို့ခံများကို အခြေအနေနှင့် လက်ကျန်မိုင်းများကြောင့် စစ်ရေးအာရက္ခတပ်တော် (AA) မှ နေရပ်ပြန်ခွင့်မပြုသေးကြောင်း ဒေသခံများက ပြောသည်။

အမ်းအခြေစိုက်တပ်ရင်းများ တည်ရှိခဲ့သည့် စစ်တပ်အနီးအနားဝန်းကျင်ရှိ လယ်ကွင်း၊ တော၊ တောင်နှင့် သီဟို၌စိုက်ခင်းများတွင်လည်း မိုင်းများစွာကျန်ရှိနေသေးကြောင်း သိရသည်။

အာရက္ခတပ်တော် (AA) မှလည်း စစ်ကောင်စီထောာင်ထားခဲ့သည့် မြေမြှုပ်မိုင်းများကို ရှင်းလင်းပေးလျက်ရှိနေသော်လည်း မိုင်းအလွန်များသည့်အတွက် ရှင်းလင်းရေးမပြီးစီးသေးကြောင်း ဒေသခံများက ပြောသည်။

အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် (အေအေ) က ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာ ၂၀ ရက်နေ့က သိမ်းပိုက်ခဲ့ပြီး ယခု ၂၀၂၅ ဧပြီလဆိုလျင် (၄) လခန့် ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။

အမ်းဒေသခံစစ်ဘေးရှောင်များမှာ စားဝတ်နေရေးကျပ်တည်းမှု၊ အလုပ်လက်မဲ့ဖြစ်နေကြသည့်အတွက် ဘဝရပ်တည်ရေးခက်ခဲနေကြောင်း စစ်ရှောင်များက ပြောသည်။

တိုက်ပွဲကြောင့် အမ်းဒေသခံများမှာ ပြည်မဖက်ဖြစ်သည့် ပဒါန်း၊ မင်းဘူးနှင့် မကွေး၊ ရန်ကုန်ဖက်သို့ အများအပြား စစ်ဘေးရှောင်နေကြရပြီး တချို့မှာ အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် နေရာများတွင် စစ်ရှောင်နေကြရကြောင်း သိရသည်။

Most read this week

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...