နေရပ်ပြန် တောင်ကုတ်မြို့ခံများ ကြီးမားသည့် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရ

နေရပ်ပြန် တောင်ကုတ်မြို့ခံများ ကြီးမားသည့် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရ

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် (AA) ထိန်းချုပ်ပြီးနောက် မိမိနေရပ် ပြန်လာကြသည့် တောင်ကုတ်ဒေသခံများမှာ စားဝတ်နေရေးအခက်အခဲအပြင် အဘက်ဘက်တွင် စိန်ခေါ်များနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

မိမိနေရပ်ပြန်သွားကြသည့် တောင်ကုတ်ဒေသခံများမှာ လက်ရှိ နွေရာသီ ရေရှားပါးမှုပြဿနာ၊ ပြန်လည်ထူထောင်ရေးအခက်အခဲ၊ ကုန်ဈေးနှုန်းကြီးမားခြင်းအပြင် မိုင်းအန္တရာယ်နှင့်ပါ ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် တောင်ကုတ်မြို့ကို ကရုဏာဆည်နှင့် ဝက်ကျိတ်ဆည်တို့မှ ရေဖြန့်ဝေပေးသော်လည်း တိုက်ပွဲကြောင့် ကျိုးပဲ့သွားသည့် ပိုက်လိုင်းများကို မပြုပြင်နိုင်သေးခြင်း၊ ရေတွင်း/ရေကန်များ သန့်ရှင်းမှုမရှိခြင်းတို့ကြောင့် သောက်သုံးရေအခက်အခဲနှင့် အဓိက ကြုံတွေ့နေရသည်ဟု ပြောကြသည်။

“ဒီမှာ သောက်သုံးရေတွေ လုံးဝအဆင်မပြေပါဘူး။ သောက်ရေတစ်လုံးရဖို့ နာရီနဲ့ချီဝေးတဲ့ နေရာကနေ သွားခပ်ရတယ်။ သုံးရေ ဆိုရင်လည်း အဆင်ပြေတဲ့နေရာက သွားရှာခပ်ပြီး သုံးနေရတယ်” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် မြို့နှင့်အနီးအနား ကျေးရွာများထံမှ ရေခပ်သုံးနေကြသော်လည်း လတာရှည်ကြာမြင့်လာသည်နှင့်အမျှ အဆင်မပြေမှုနှင့် ပိုမိုကြုံတွေ့လာရပြီး အချို့မိသားစုဝင်များမှာ မသန့်ရှင်းသည့်ရေကန်မှ ရေများကိုသာ သုံးစွဲလာရသည်အထိ ရှိလာကြောင်း သိရသည်။

ယင်းကြောင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးပိုင်းများအပါအဝင် လူငယ်လူလတ်ပိုင်းများမှာ ယားနာ၊ ပွေး၊ ဝဲစို၊ ဝဲခြောက်စသည့် အရေပြားရောဂါကူးစက်မှု ဖြစ်လာကြသည်ဟု ဒေသခံများက ပြောသည်။

“အိမ်တိုင်းလိုလိုမှာ တစ်ယောက်မဟုတ်ရင်၊ နှစ်ယောက်လောက်က ယားနာ ပေါက်နေကြပြီ။ စစ်ဘေးရှောင်နေတုန်းကတော့ အများကြီး မတွေ့ရဘူး။ ယားနာဆေးတွေတော့ ကယ်ဆယ်ရေးပေးလို့ အဆင်ပြေပါတယ်” ဟု တောင်ကုတ်ဒေသခံ မသော်သော်က ပြောသည်။

နေရပ်ပြန် တောင်ကုတ်ဒေသခံများသည် သောက်သုံးရေရှားပါးမှုအပြင် ဆေးဝါးရှားပါးမှုနှင့် ကုန်ဈေးနှုန်း ကြီးမားမှုဒဏ်ကိုပါ ခံစားနေရသည်။

စားကုန်နှင့် လူသုံးကုန်များကို ရခိုင်မြောက်ပိုင်းမှ အဓိက တင်သွင်းနေရသည့် တောင်ကုတ်မြို့တွင် စက်သုံးဆီတစ်လီတာကို ၁၁,၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ်ကို ၁၈၀,၀၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာကို ၁၅,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၂၈,၀၀၀ ကျပ်နှင့် အခြား စားကုန်၊ လူသုံးကုန် ဈေးနှုန်းများမှာလည်း မြင့်တက်နေသည်။

တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို တဖြည်းဖြည်းလုပ်ဆောင် ရှိနေသည်။

လက်ရှိတွင် AA က တောင်ကုတ်မြို့ကို မိုင်းရှင်းလင်းရေး လုပ်ဆောင်နေသော်လည်း တိုက်ပွဲပြင်းထန်ခဲ့သည့် နေရာများနှင့် မြို့တွင်း ရပ်ကွက်အချို့တွင် မိုင်းပေါက်ကွဲမှုဖြစ်စဉ်များ ဆက်တိုက်ရှိနေဆဲ ဖြစ်သည်။

“ကိုယ့်ခြံထဲမှာလည်း မိုင်းပေါက်တာရှိတော့ အများကြီး စိုးရိမ်ရတယ်။ ကံပိုင်ရပ်ကွက်တို့ဆိုရင် ပိုပြီး စိုးရိမ်ရတယ်။ အများအားဖြင့် အဲဒီရပ်ကွက်က မိုင်းပေါက်တာများပါတယ်။ ဒါကြောင့် မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ အများကြီး လုပ်ဆောင်ပေးစေချင်ပါတယ်” ဟု တောင်ကုတ်ဒေသခံ မသော်သော်က ဆိုသည်။

DMG မှ ကောက်ယူထားသည့် စာရင်းအရ တောင်ကုတ်မြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလနှင့် ယခု မတ်လ နှစ်လအတွင်း စစ်ကျန်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၆ ဦး ဒဏ်ရာရရှိခဲ့သည်။

တစ်ဖက်တွင်လည်း တောင်ကုတ်တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ မီးရှို့မှု၊ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုတို့ကြောင့် တောင်ကုတ်မြို့ရှိ ရန်ခေါ်ရွာ၊ ဂျိုကြာကွင်းရပ်ကွက်နှင့် စစ်ကောင်စီ ယာယီတပ်စွဲခဲ့သည့် နေရာအနီးမှ နေအိမ် ၂၀၀ ကျော် ပျက်စီးခဲ့ရသည်။

နေအိမ်ပျက်စီးသွားသည့် ဒေသခံများမှာ ယနေ့အချိန်ထိ ပြန်လည်ထူထောင်ရေး  မလုပ်နိုင်သေးသဖြင့် ဆွေမျိုးနေအိမ်နှင့် အဆင်ပြေသလို နေထိုင်နေရကာ စားဝတ်နေရေးအကူအညီများ လိုအပ်နေကြောင်း သိရသည်။

ရခိုင်တိုက်ပွဲ တစ်နှစ်ကျော်အတွင်း AA သည် မြို့နယ် ၁၅ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ထိန်းချုပ်ဒေသအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသော်လည်း တိုက်ပွဲကာလ ထိခိုက်ပျက်စီးမှု များပြားခဲ့သဖြင့် အခက်အခဲများ ရှိနေဆဲဖြစ်သည်။

Most read this week

စစ်ဘေးတိမ်းရှောင်နေရသည့် ပုဏ္ဏားကျွန်းဒေသခံအချို့ - ပုံဟောင်း / APM
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ် အစပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းနှင့်...
Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...