KNU နယ်မြေ၊ မြို့နယ်နှစ်ခုတွင် စစ်ကောင်စီ လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်

KNU နယ်မြေ၊ မြို့နယ်နှစ်ခုတွင် စစ်ကောင်စီ လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်

ကရင်အမျိုးသားအစည်းအရုံး - KNU ထိန်းချုပ်ရာ တပ်မဟာ (၃) နယ်မြေရှိ ရွှေကျင်မြို့နယ်နှင့် တပ်မဟာ (၁) နယ်မြေရှိ ကျိုက်ထိုမြို့နယ်သို့ စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်သောကြောင့် အရပ်သားထိခိုက်မှုများနှင့် နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည်ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် (၁၅) ရက်နေ့ နေ့လည်ပိုင်းတွင် ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်ရှိ သက်တူးကုန်းရွာသို့ စစ်ကောင်စီမှ ပေါင် (၃၀၀) ဗုံးသီးနှစ်လုံးဖြင့် လာရောက်ကြဲချခဲ့ရာ ကျေးရွာနေ အသက် (၅၀) အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁) လုံးနှင့် ကျေးရွာ စာသင်ကျောင်းပါ ထိခိုက်ပျက်စီးခဲ့သည်ဟု KNU ၏ ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် မတ်လ (၁၄) ရက်နေ့တွင်လည်း စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ-၂၆၄) တပ်ရင်းမှ ၁၂၀ -မမ လက်နက်ကြီး (၃) လုံး ပစ်ခတ်ခဲ့ရာ ကညင်ကျွန်းကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲပြီး နေအိမ် (၂) လုံး ကျည်စထိမှန် ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ ယခုလို အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ညောင်လေးပင်ခရိုင်ရှိ ဒေသခံများ စိုးရိမ်ကြောက်ရွံ့မှုများစွာဖြင့် ရုန်းကန်နေထိုင်နေရသည်ဟု KNU က ပြောသည်။

အလားတူ သထုံခရိုင်ရှိ ကျိုက်ထိုမြို့နယ်ကိုလည်း စစ်ကောင်စီမှ ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ဒေသခံများ၏ နေအိမ်နှင့် စိုက်ပျိုးပင်များ ထိခိုက်ပျက်စီးခဲ့သည်ဟု KNU ဗဟိုက မတ်လ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်အရ စစ်ကောင်စီသည် တပ်မဟာ (၁) နယ်မြေကို မတ်လ (၄) ရက်မှ (၆) ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက် ပြုလုပ်ခဲ့မှုကြောင့် ဒေသခံပြည်သူများ စိုးရိမ်မှုများဖြင့် နေထိုင်ခဲ့ရကြောင်း၊ လုပ်ငန်းခွင်သို့ သွားလာရန် အခက်ကြုံနေရသည်ဟု ဖော်ပြထားသည်။

“စစ်အာဏာရှင်တွေ ဒရုန်းတွေကို တော်တော်များများ သုံးလာတာကြောင့် ဒေသခံ ပြည်သူလူထုတွေအနေနဲ့ စိုးရိမ်နေကြရတယ်၊ ပထမဆုံအချက်အနေနဲ့ ဒရုန်းဆိုတာက သတ်မှတ်ထားတဲ့နေရာကို ပစ်ရင် တအား ထိရောက်တယ်။ နောက် ဒုတိယအချက်အနေနဲ့ အခုအချိန်က တောင်ယာ ခုတ်ကူကြတဲ့ ကာလဖြစ်တယ်။ အဲ့တော့ ဒရုန်းက လိုက်ဝဲနေရင်း လူစုလူဝေးတွေ့ရင် ပစ်ချတဲ့အတွက် ဝိုင်းကူကြဖို့လည်း မလုပ်ရဲကြတော့ဘူး။ လုပ်ကိုင်စားသောက်ဖို့ကလည်း အခက်အခဲ ဖြစ်လာတယ်။ အမြဲတမ်းလိုလို လွတ်ရာ ကျွတ်ရာ ဗုံးခိုကျင်းထဲတွေမှာ ဗုံးခိုကျင်းအနီးအနား နေရာတွေမှာ နေရကြရတယ်။ အတော်လေး ထိခိုက်စေတယ်” ဟု ဒေသခံ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ မတ်လ (၁) ရက်နေ့အတွင်း စစ်ကောင်စီဘက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများသည် ကျိုက်ထိုမြို့နယ် ခရဲကျေးနယ်အုပ်စုမှ ကျေးရွာသုံးရွာ အနောက်ဘက်ခြမ်းရှိ အရပ်သားပြည်သူများ၏ လုပ်ငန်းခွင်သို့ ကျရောက်ပေါက်ကွဲပြီး လူထိခိုက်မရှိသော်လည်း သီးပင်စားပင်များနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည့်အပြင် စစ်ကောင်စီက ဒရုန်းဗုံး (၆) လုံး ကြဲချပစ်ခဲ့သည်ဟု KNU က ဆိုသည်။

 KNU ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီ၏ ကျေးရွာများ ပစ်မှတ်ထားကာ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိပြီး အရပ်သားပြည်သူများ သေဆုံးထိခိုက်မှုများလည်း မကြာခဏ ဖြစ်ပေါ်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်၏ ဖော်ပြချက်အရ သိရသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...