ကလေးမြို့တွင် အသက်မပြည့်သေးသူအပါအဝင် လူငယ်များ ဆက်တိုက် ဖမ်းဆီးခံနေရ

ကလေးမြို့တွင် အသက်မပြည့်သေးသူအပါအဝင် လူငယ်များ ဆက်တိုက် ဖမ်းဆီးခံနေရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် အသက်မပြည့်သေးသူအပါအဝင် လူငယ်များကို စစ်ကောင်စီက စစ်မှုထမ်းသင်တန်းတက်ရောက်ရန် ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု ကလေးမြို့ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ကလေးမြို့ပေါ်က နေရာအသီးသီးကနေ လူငယ်အယောက် ၃၀ နီးပါးခန့်ကို စစ်ကောင်စီက ဖမ်းဆီးသွားခြင်းဖြစ်ပြီး လူငယ်တချို့မှာ အားကစားပြုလုပ်နေစဉ်အတွင်း ဖမ်းဆီးခံခဲ့ရသည်ဟု အဖမ်းခံရသူနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

“အိမ်ဘေးက ကလေးတယောက်တော့ သူ့သူငယ်ချင်းတွေနဲ့ ခြင်းလုံးခတ်တဲ့အချိန် စစ်သားတွေက ဝင်ဖမ်းတာ။ အဲ့နေ့က (၁၀) ယောက်လောက် ပါသွားတယ်။ သူက အသက်မပြည့်သေးတော့ ပြန်ရွေးလို့ရမလားတော့ မသိဘူး။ ဒကစကို သူ့မိသားစုတွေ သွားကြတယ်။ ကျန်တဲ့သူတွေလည်း ဘယ်လိုလုပ်ကြမလဲဆိုတာ စောင့်ကြည့်နေရသေးတယ်” ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူက ပြောပြသည်။

ဆက်လက်ပြီး ၎င်းက “အဲ့မတိုင်ခင်မှာလည်း ၁၃ နှစ်အရွယ်လောက်ပဲရှိသေးတဲ့ ယောကျ်ားလေးတွေ ဆယ်ယောက်လောက် အုပ်စုလိုက် ပျောက်တယ်လို့ ကြားမိတယ်။ အသက်မပြည့်သေးတဲ့ စစ်သားစုဆောင်းမှု ခံရလားမသိဘူး အခုအထိ သူတို့အကြောင်း ထပ်မကြားရသေးဘူး” ဟု ဆက်ပြောသည်။

စစ်ကောင်စီသည် ကလေးမြို့ပေါ်ရပ်ကွက်တွင် Probox ကားအဖြူဖြင့် နေ့စဉ် အဖမ်းအဆီးများ ပြုလုပ်နေသည့်အပြင် မြို့ပေါ်က လူခြေတိတ်သည့် ရပ်ကွက်တချို့တွင် တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်းစစ်ဟန်ပြုကာ နေအိမ်အတွင်းထိ ဝင်ရောက်ဖမ်းဆီးခြင်းများ ပြုလုပ်လာသည်ဟု ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

ကလေးမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အောင်သစ္စာ၊ အောင်မင်္ဂလာ၊ မင်္ဂလာဥယျာဉ်၊ ချမ်းမြေ့အောင်စည်၊ သဇင်ရပ်ကွက်၊ တောင်ဇလပ်ရပ်ကွက်နှင့် တာဟန်းရပ်ကွက်တို့တွင် အဖမ်းဆီးများရှိနေပြီး ယခင်ထက် အဖမ်းအဆီးပြုလုပ်နေကြောင်း ကလေးမြို့က စစ်ကောင်စီလှုပ်ရှားမှုကို စောင့်ကြည့်နေသူတစ်ဦးက ပြောပါသည်။

“စစ်မှုထမ်းအတွက် ဖမ်းဆီးတာကတော့ ဟိုနေ့ညက စက်မှုဇုံကနေ မြို့ထဲလာတဲ့ ကောင်လေးဆိုရင် အိမ်ထဲအထိ ဝင်ဆွဲသွားတာ။ ညပိုင်းမှာ နောက်တခေါက်ကျတော့ သူ့ရဲ့ပစ္စည်းတွေကို လာယူသွားတယ်။ သူနဲ့နီးစပ်တဲ့သူ ပြောတာတော့ အရှေ့ရဲစခန်းရုံးကိုလိုက်သွားတာ ယောကျ်ားလေးတွေ အများကြီးတွေ့တယ်။ နောက်ပြီး စစ်သားစုဆောင်းခံရလို့ အဖမ်းခံရတဲ့ ဆိုင်ကယ်တွေလည်း အပုံလိုက်ကြီးရှိတယ်။ ဆိုင်ကယ်တွေလည်း ယူသွားကြတယ်ဆိုတော့ အဖမ်းခံရတာကတော့ တော်တော်လေးများတယ် တမြို့လုံးအတိုင်းအတာနဲ့ ဖမ်းခံရတော့” ဟု အဆိုပါ စောင့်ကြည့်နေသူက ပြောသည်။

ကလေးမြို့တွင် စစ်မှုထမ်းသင်တန်းတက်ရောက်ရန် ဖမ်းဆီးခံရသူများကို ကလေးမြို့ စုပေါင်းရုံးတွင်ထားရှိပြီး လက်ရှိအထိ ဖမ်းဆီးခံရသူ အမျိုးသား ၆၀ နီးပါးအထိရှိကြောင်း ယင်းအခြေအနေကို သိရှိထားသူများ ပြောဆိုမှုအရ သိရသည်။

ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့ကလည်း ကလေးမြို့နယ် တောင်ပိုင်းကျေးရွာများမှ မြို့ပေါ်သို့ ဈေးဝယ်လာကြသော ပြည်သူ ၃၀ ကျော်ကို ကလေးမြို့ အဝင်/အထွက်ဂိတ် ကျောက်ဂူလမ်းနှင့် စက္ကန့်လမ်းပိုင်းတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

March 19, 2026
ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်ထဲတွင် ချင်းတော်လှန်ရေးပူးပေါင်းတပ်နှင့်...
March 18, 2026
စစ်ဘေးရှောင်ပြည်သူအမြောက်အများ ခိုလှုံကြသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင်...
March 17, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့တို့ကြား လူသားချင်း...
March 16, 2026
ချင်းပြည်နယ်၊ တွန်ဇံမြို့နယ်တွင် လှုပ်ရှားနေသော Zomi Revolutionary Army- Eastern Command (ZRA-EC...