ပဲခူး၊ အင်းတကော်တွင် ရာအိမ်မှူး ပစ်ခတ်ခံရမှုနှင့်ဆက်စပ်၍ ရွာခံအချို့ ဖမ်းဆီးခံထားရ

ပဲခူး၊ အင်းတကော်တွင် ရာအိမ်မှူး ပစ်ခတ်ခံရမှုနှင့်ဆက်စပ်၍ ရွာခံအချို့ ဖမ်းဆီးခံထားရ

ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့၊ ကင်းပိုင်ကျုံရွာရှိ ရာအိမ်မှူးတစ်ဦးအား ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က အင်းတကော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - IPDF မှ ပစ်ခတ်သဖြင့် သေဆုံးခဲ့သည့်ဖြစ်စဥ်နှင့်ဆက်စပ်၍ ၎င်းရွာခံ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၅ ဦးအား စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်ထံမှ သိရသည်။

ကင်းပိုင်ကျုံကျေးရွာ၏ ရာအိမ်မှူး ဦးကျော်ထူးအား အင်းတကော် ပကဖ မှ စစ်မှုထမ်းကြေး မတန်တဆကောက်ခံခြင်း၊ စစ်ကောင်စီအကျိုးဆောင်၍ ပြည်သူအပေါ် မတရားပြုမှုခြင်းတို့ကြောင့် ရွာခံတို့၏ တိုင်ကြားချက်အရ ကင်းပိုင်ကျုံရွာလမ်းတစ်နေရာ၌ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု အင်းတကော် ပကဖ ဘက်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါအမှုနှင့်စပ်လျဥ်း၍ ကင်းပိုင်ကျုံကျေးရွာနေ အရပ်သားရွာခံ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၅ ဦးတို့ မတ်လ ၅ ရက်နေ့က စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီး မတ်လ ၆ ရက်နေ့တွင် အမျိုးသမီး ၂ ဦး အမျိုးသား ၁ ဦး ပြန်လည်လွတ်မြောက်လာသော်လည်း ဖမ်းဆီးခံထားရသူ ကျန်ရှိသေးကြောင်း အင်းတကော် ပကဖ ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“မနေ့က အမျိုးသမီး ၂ ဦး အမျိုးသားတစ်ဦး ပြန်လွတ်လာပြီ။ အခုထိ ဖမ်းဆီးခံထားရတဲ့အထဲမှာ CDM ဆရာတစ်ယောက်လည်းပါတယ်။ သူ့ကို ရိုက်နှက်မေးမြန်းတာ အတော်လုပ်ထားတယ်။ သူ့ရဲ့ မိသားစုတွေကိုပါ နောက်ဆက်တွဲ ဖမ်းလိုက်တယ်။ သူ့အိမ်ကိုလည်း ချိတ်ပိတ်လိုက်တယ်လို့ကြားတယ်။ မသင်္ကာမှုနဲ့ဖမ်းတာ။ တကယ်တော့ ဘာအပြစ်မှမရှိတဲ့ ရွာခံပြည်သူတွေပါ” ဟု ၎င်းက ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါအမှုနှင့်ဆက်စပ်၍ ကင်းပိုင်ကျုံကျေးရွာသာမက ရွာအနီးရှိ အခြားကျေးရွာများကိုပါ လှည့်လည်စစ်ဆေးမှုနှင့် ပိတ်ဆို့စစ်ဆေးမှုများ ယနေ့အချိန်ထိ ပြုလုပ်လျက်ရှိကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်တို့က ဆိုသည်။

အင်းတကော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - IPDF သည် အမျိုးသားညီညွှတ်ရေးအစိုးရ - NUG ကာကွယ်ရေးဝန်ကြီးဌာန - MOD လက်အောက်ရှိ ပဲခူးတိုင်း ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကွပ်ကွဲမှုအောက်တွင် လှုပ်ရှားနေသည့် တပ်ဖွဲ့တစ်ခုလည်းဖြစ်သည်။

IPDF အနေဖြင့် ပဲခူးတိုင်းအတွင်းရှိ စစ်ကောင်စီလက်အောက်ခံများအား သတိပေးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ရုံသာမက အခြား မဟာမိတ်အင်အားစုများနှင့် ပူးပေါင်း၍ စစ်ကောင်စီတပ်စခန်း၊ ကင်းစခန်းများကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

Most read this week

ပုံစာ - စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပျက်စီးသွားသည့် နေအိမ်များ။
September 12, 2026
ကရင်ပြည်၊ ဖာပွန် (မူတြော်) ခရိုင်၊ ကတိုင်တိကျေးရွာအုပ်စု၊ ထီးသဲလယ်ကျေးရွာအတွင်းသို့ စစ်အုပ်စုက...
CJ (ကျုံဒိုး-ကော့ကရိတ်လမ်း ပုံဟောင်း)
September 11, 2026
ကရင်ပြည်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတစ်လျှောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့ နေရာများတွင် အခိုင်အမာ...
September 11, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်သည့် ကော်သူးလေ (ကရင်ပြည်) နယ်မြေများအတွင်း ၂၀၂၄ ခုနှစ်၊...
September 10, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်က...