မြစ်ဆုံအနီးက တန်ဖရဲကျေးရွာမှာ စစ်ကောင်စီတပ်သားအင်အား ဖြည့်တင်း

မြစ်ဆုံအနီးက တန်ဖရဲကျေးရွာမှာ စစ်ကောင်စီတပ်သားအင်အား ဖြည့်တင်း

မြစ်ကြီးနား-မြစ်ဆုံလမ်း  တန်ဖရဲကျေးရွာမှာ စစ်ကောင်စီ တပ်သားအင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားနေတာ နှစ်ပတ်လောက်ရှိလာပြီဖြစ်ပြီးတော့ တန်ဖရဲအထက်ဘက်နေရာမှာ မကြာခဏဆိုသလို လက်နက်သံတွေ ကြားရလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 ဗန်းမော်မြို့ဘက် စစ်ရေးပြင်းထန်လာချိန်မှာပဲ မြစ်ကြီးနား-မြစ်ဆုံလမ်းဘက် ဇန်နဝါရီလကုန်ပိုင်းလောက်ကနေစပြီး စစ်ကောင်စီတပ်သားတွေ စစ်ရေးလှုပ်ရှားမှု သိသိသာသာ များလာတာလို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့ရဲ့ မြောက်ဘက် (၂၈) မိုင်အကွာ မြစ်ဆုံဒေသအနီးက တန်ဖရဲရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းဘက်မှာ စစ်ကောင်စီ တပ်သားအင်အားဖြည့်တင်းတာတွေ ဆက်တိုက်ဆိုသလို ရှိလာပြီးနောက် လက်ရှိအချိန်မှာတော့ အင်အား ရာကြီးပိုင်းလောက်ရှိနိုင်တယ်လို့ ဒေသခံတွေနဲ့ နီးစပ်သူဆီကနေ သိရတာပါ။

"စစ်သားတွေ အင်အားအများအပြားနဲ့ကို လှုပ်ရှားနေကြတာ။ ဒီမှာက လုပ်ကိုင်စားသောက်ဖို့လည်း အရမ်းခက်နေပြီ။ ဒေသခံတွေဆို အားလုံးနီးပါး အောင်မြင်သာဘက် ပြန်ဆင်းသွားရပြီ" လို့ တန်ဖရဲရွာအနီးမှာ နေထိုင်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အထက်ပါ စစ်ကောင်စီတပ်သားတွေကို နေ့ဘက်တွေမှာ တွေ့ရခဲပေမဲ့ ညနေပိုင်းတွေမှာတော့ ရွာအတွင်း သွားလာလှုပ်ရှားနေထိုင်နေကြတယ်လို့ ဆိုပါတယ်။

 ဒါ့အပြင် တပ်စခန်းအတွင်းသာမက ဘုရားကျောင်းဝင်းတွေနဲ့ ဒေသခံပြည်သူအချို့ရဲ့ နေအိမ်တွေမှာ ဝင်ရောက်နေထိုင်နေကြတဲ့အပြင် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ဘုရားကျောင်းဝင်းထဲမှာတော့ ဗျူဟာမှူးကိုယ်တိုင် တပ်ထိုင်ထားတဲ့ အနေအထားဖြစ်တယ်လို့လည်း ထပ်မံသိရှိရပါတယ်။

"သူတို့က အထက်ဘက် တက်လိုက်၊ ဆင်းလိုက်။ တောင်တက်လမ်းဘက်တက်လိုက် လုပ်နေတာ။ KIA နဲ့တွေ့ရင် ထိတွေ့တိုက်ပွဲဖြစ်လိုက် ဖြစ်နေတာ" လို့ ဒေသခံက ဆိုပါတယ်။

တန်ဖရဲကျေးရွာက စစ်ကောင်စီတပ်စခန်းဘက် စစ်သားအင်အားဖြည့်တင်းလာတဲ့ နောက်ပိုင်းကနေစပြီး ရွာအထက်ဘက်နေရာမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတို့ မကြာခဏဆိုသလို ဒရုန်း၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်တာတွေ ရှိနေတယ်လို့လည်း ခရီးသွားပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မြစ်ကြီးနား-မြစ်ဆုံလမ်းပေါ်က တန်ဖရဲကျေးရွာမရောက်မီ အာလာမ်ကျေးရွာအုပ်စု လမုန်ဇွပ်ရွာမှာလည်း စစ်ကောင်စီတပ်သားတွေကို အင်အားဖြည့်တင်းထားပြီး ရွာအတွင်း စစ်အင်အား ရာဂဏာန်းလောက် ရှိနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မြစ်ကြီးနား ဒေသခံပြည်သူအချို့ကတော့ မြစ်ဆုံဒေသဘက် စစ်ကောင်စီတပ်သားအင်အား ဖြည့်တင်းတာတွေ လုပ်ဆောင်နေပြီး မြစ်ကြီးနား-မြစ်ဆုံတစ်လျှောက် နေရာအချို့မှာပါ စစ်သားတွေ နေရာချထားတာကြောင့် ခံစစ်သဘော ပြင်ဆင်လာကြတာလို့ ထင်မြင်သုံးသပ်ကြပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အနေနဲ့ မြစ်ကြီးနား-ပူတာအို လမ်းပေါ်က ဆွမ်ပရာဘွမ်မြို့ကို သိမ်းပိုက်ထားတဲ့အပြင် မြစ်ဆုံအထက်ဘက် တီယန်ဇွပ်ကျေးရွာက စစ်ကောင်စီရဲ့ တပ်စခန်းသုံးခုကိုလည်း ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့မှာ သိမ်းပိုက်ထားပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ မြစ်ကြီးနား-မြစ်ဆုံလမ်းတစ်လျှောက်က ရွာအချို့မှာ စစ်ကောင်စီက ဝင်ရောက်တပ်စွဲနေထိုင်တာတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...