တနင်္သာရီတွင် ဖုန်းများအတွင်း VPN ပါ/မပါ စစ်ဆေးပြီး ငွေတောင်းနေ

တနင်္သာရီတွင် ဖုန်းများအတွင်း VPN ပါ/မပါ စစ်ဆေးပြီး ငွေတောင်းနေ

မြိတ်ခရိုင်အတွင်းရှိ စစ်ကောင်စီဂိတ်များတွင် ခရီးသွားပြည်သူများ၏ လက်ကိုင်ဖုန်းများအတွင်း VPN ဆော့ဝဲလ် အသုံးပြုမှု ရှိ/မရှိ စစ်ဆေးမှုများ ပြန်လည်လုပ်လာနေသည်ဟု ပြောသည်။

စစ်ကောင်စီက VPN အသုံးပြုမှုကို တင်းကျပ်သည့် ဥပဒေ ထုတ်ပြန်လိုက်ပြီးသည့်နောက် ပုလောနှင့် တနင်္သာရီဘက်များရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် VPN ဆော့ဝဲလ်များကို ပြန်လည် စစ်ဆေးလာခြင်းဖြစ်သည်ဟု ခရီးသွားပြည်သူများက ပြောသည်။

တနင်္သာရီတံတား စစ်ဆေးရေးဂိတ်တွင် ပိုက်ဆံပေးခဲ့ရသည့် အသက် ၄၀ ခန့်အရွယ် ကားသမားတစ်ဦးက “သူတို့နဲ့ ရင်းနှီးနေပေမယ့် အဲဒီနေ့က ဖုန်းတောင်းပြီး စစ်တာပါပဲ။ VPN ဆော့ဝဲလ်တွေ့တာနဲ့ ပိုက်ဆံ တောင်းတော့တာပဲ” ဟု ပြောသည်။

ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ပြီး တနင်္သာရီမြို့နယ်ထဲရှိ တနင်္သာရီတံတားနှင့် ဗိုလ်ချုပ်ကြေးရုပ် စစ်ဆေးရေးဂိတ်၊ ပုလောမြို့နယ်ထဲမှ မကျည်းကုန်းကျေးရွာ စစ်ဆေးရေးဂိတ်များတွင် VPN ဆော့ဝဲလ်ကို ပြန်စစ်ဆေးလာသည်ဟု ခရီးသည်တင်ယာဥ်မောင်းများက ဆိုသည်။

ဖုန်းများအတွင်း၌ VPN ဆော့ဝဲလ် ရှိနေသည်ကို တွေ့ခဲ့ပါက ငွေကျပ်တစ်သောင်းမှ သုံးသောင်းကျပ်အထိ တောင်းယူနေသည်ဟု ဆိုကြသည်။

နောက်တစ်ကြိမ် စစ်ဆေးသည့်အခါ VPN ဆော့ဝဲလ် ထပ်မံတွေ့ရှိပါက နိုင်ငံတော်က ချမှတ်ထားသည့် ဥပဒေအတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီဂိတ်များမှ တာဝန်ကျတပ်ဖွဲ့ဝင်များက ပြောဆိုလိုက်သေးသည်ဟု ခရီးသွားပြည်သူများက ဆိုသည်။

ဖုန်းများအတွင်း၌ VPN ဆော့ဝဲလ် တွေ့ရှိပါက ဖမ်းဆီးငွေညှစ်ခြင်းများကို အာဏာသိမ်းကာလ အစောပိုင်း၌ တွင်ကျယ်စွာ လုပ်ခဲ့ကြပြီး နောက်ပိုင်းတွင် စစ်ဆေးခြင်းများ မရှိသလောက် နည်းပါးခဲ့ပြီးနောက် ယခုနှစ်အစပိုင်းမှစတင်၍ ပြန်လည်စစ်ဆေးမှု တင်းကျပ်လာခြင်းဖြစ်သည်။

ခွင့်ပြုချက်မရှိပဲ VPN ထူထောင်ခြင်း၊ သို့မှမဟုတ် ဝန်ဆောင်မှုပေးခြင်းနှင့် အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်းများအတွက် ပြစ်ဒဏ်ချမှတ်နိုင်မည့် ဆိုက်ဘာ လုံခြုံရေးဥပဒေကို စစ်ကောင်စီက ဇန်နဝါရီ ၁ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

နိုင်ငံအချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေခြင်းများကို ကာကွယ်နိုင်ရန်နှင့် ဆိုက်ဘာမှုခင်းများကို ထိရောက်စွာ စုံစမ်းဖော်ထုတ် အရေးယူနိုင်ရန်အတွက် ယခုကဲ့သို့ ပြဌာန်းလိုက်ခြင်းဖြစ်ကြောင်း ဆိုထားသည်။

တရားမဝင် VPN ဝန်ဆောင်မှုအတွက် ဒဏ်ငွေအနည်းဆုံး ကျပ်ဆယ်သိန်းမှ ကျပ်သိန်းတစ်ရာအထိ ချမှတ်ခံရမည်ဖြစ်ပြီး၊ ထောင်ဒဏ် အများဆုံး ခြောက်လအထိ ချမှတ်နိုင်သလို ဒဏ်နှစ်ရပ်လုံးကိုလည်း ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

ဓါတ်ပုံ - Wai Hun Aung
January 23, 2026
မြန်မာနိုင်ငံတွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်...
AA Info Desk (ပုံဟောင်း)
January 21, 2026
မြန်မာနိုင်ငံတစ်ဝန်း တစ်နှစ်အတွင်း အမျိုးသမီး ၈၀၀ နီးပါး သေဆုံးခဲ့ပြီးနောက် စစ်ကော်မရှင်တပ်၏...
စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက် (ဖားကန့်မြို့နယ်)
January 20, 2026
မြစ်ဆုံစီမံကိန်းအား စစ်ကော်မရှင်က ပြန်စတင်ရန် ကြိုးပမ်းမှုမှာ တရုတ်၏ ထောက်ခံမှုရယူရန် နိုင်ငံရေး...
January 19, 2026
ကရင်နီပြည်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထောင်ဖောက်ပြေးခဲ့သည့် စစ်ကော်မရှင် စစ်သုံ့ပန်း ၈၀...