သံတွဲမြိုနယ်တွင် စစ်ဘေးရှောင်နှစ်သောင်းကျော်အတွက် ရိက္ခာနှင့်အနွေးထည်၊ စောင်များအရေးပေါ်လိုအပ်နေ

သံတွဲမြိုနယ်တွင် စစ်ဘေးရှောင်နှစ်သောင်းကျော်အတွက် ရိက္ခာနှင့်အနွေးထည်၊ စောင်များအရေးပေါ်လိုအပ်နေ

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ဘေးရှောင်၂၀၀၀၀ ကျော်အတွက် ရိက္ခာ၊ စောင်နှင့် အနွေးထည်များအရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။

သံတွဲမြို့နယ်တွင် စစ်ဘေးရှောင်များကို ဒေသအတွင်း လူမှုရေးလှုပ်ရှားဆောင်ရွက်နေသူများကအတတ်နိုင်ဆုံး ရိက္ခာများရရှိရန် ကူညီဆောင်ရွက်ပေးနေသော်လည်း လူဦးရေများလွန်းသဖြင့် မနိုင်မနင်းဖြစ်နေသည်ဟု လူမှုရေးလှုပ်ရှားဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

“စစ်ဘေးရှောင်တွေက အခက်အခဲတွေ ဆက်ရှိနေတုန်းပါ။ အထူးသဖြင့် ပင်လယ်ကမ်းနားကျေးရွာတွေကရွာသားတွေက စစ်ရှောင်နေရတုန်းပါ။ စက်လှေတွေနဲ့ ရသလောက်ဆန်အိတ်တွေကို စုဆောင်းပြီးပို့ပေးနေရပါတယ်။ စက်သုံးဆီကစျေးကြီးတော့ အကူအညီတွေကလိုသလောက် မထောက်ပံ့နိုင်ဘဲဖြစ်နေပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီလေတပ်က လူနေကျေးရွာများကို ဗုံးကြဲနေသဖြင့် အများစုပြည်သူများမှာ နေရပ်ရင်းကျေးရွာများသို့ မပြန်နိုင်ကြသေးဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ လေကြောင်းရန်က စိတ်မချရသေးဘူး။ အများစုက လေကြောင်းရန်ကိုကြောက်ပြီး မပြန်ကြဘူး။ အဲသလိုဘဲ လုံခြုံတယ်လို့ ထင်ရတဲ့ကျေးရွာတွေမှာ ခိုကပ်ပြီး နေနေကြရတယ်။ အခုကဆောင်းရာသီလည်းရောက်လာပြီဆိုတော့ စောင်တွေရော၊ အနွေးထည်တွေရော၊ အခင်းရော အရေးပေါ်လိုအပ်နေပါတယ်။ အဓိက ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အရေးကြီးပါတယ်”ဟုပြောသည်။

သံတွဲမြို့နယ်တွင် ကျေးရွာအချို့အား စစ်ကောင်စီလေတပ်က ဗုံးကြဲ၍သေဆုံးမှုများ မကြာခဏရှိနေပြီး လွန်ခဲ့သည့်နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း သံတွဲမြို့ပေါ်အံတော်တံတားအနီးရှိ စားသောက်ဆိုင်တစ်ခုမှကို  ဗုံးကြဲခံရ၍ ဆိုင်ပိုင်ရှင် ဒေါ်စုစုလှိုင်( ၃၄)နှစ်နှင့် မဝိုင်းစိန်မတို့ သေဆုံးသွားခဲ့ကြရသည်။

သံတွဲမြို့ပေါ်နေ ဒေသခံအများစုမှာ ရန်ကုန်နှင့်ဧရာ၀တီတိုင်းဘက်သို့ စစ်ဘေးရှောင်သွားကြပြီး ကျန်နေသူများမှာ မြို့နယ်အတွင်းရှိ လုံခြုံမည်ဟုထင်ရသည့်နေရာများတွင် စစ်ဘေးရှောင်နေကြရသည်ဟုပြောဆိုသည်။

သံတွဲစစ်ဘေးရှောင်များကို ကူညီလိုသူများအနေဖြင့် (၀၉၄၂၁၇၅၄၄၃၄) ကို ဆက်သွယ်ပြီး ကူညီလှူဒါန်းနိုင်ကြောင်း သိရှိရသည်။

Most read this week

March 28, 2026
ကျော်သီဟ - ရခိုင်ပြည်တွင် ငွေထုတ်ခ ရာနှုန်းများ တဖြည်းဖြည်းမြင့်တက်လာနေသည်ဟု သိရသည်။...
March 27, 2026
ခိုင်လူလှ (ရိုးမမြေ) — တရုတ်စီမံကိန်းကြီးမှာတည်ရှိရာ ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်နှင့်...
ယတြာချေသည့်အမှုကို ပြုလုပ်နေစဉ်။ (ပုံဟောင်းသာ)
March 26, 2026
အာရက္ခတပ်တော် (AA)နှင့် ရင်ဆိုင်တိုက်ခိုက်နေသည့် စစ်မျက်နှာ ၅ ခုစလုံးတွင် စစ်ကော်မရှင်တပ်သည်...
March 25, 2026
ရခိုင်ပြည်တွင် စစ်ကျန် မြေမြှုပ်မိုင်းနှင့် လက်နက်ခဲယမ်းများကြောင့် သေဆုံးဒဏ်ရာရသူများ...