တောင်ကုတ်တွင် တိုက်ပွဲခဏရပ်နေစဉ် မြို့ကို စွန့်ခွာသူများပြားနေ

တောင်ကုတ်တွင် တိုက်ပွဲခဏရပ်နေစဉ် မြို့ကို စွန့်ခွာသူများပြားနေ

ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင်တိုက်ပွဲရပ်နေသည်မှာ ၃ ရက်ခန့်ရှိနေပြီဖြစ်ကာ အဆိုပါ အချိန်အတွင်း မြို့ကို စွန့်ခွာသွားသူ အရေအတွက်မှာ ပိုမိုများပြားလာသည်ဟု သတင်းရရှိသည်။

မြို့ခံတစ်ဦးက နိရဉ္စရာကို "ပြည်သူတွေက နေ့စဉ်နဲ့အမျှ နီးစပ်ရာကို ထွက်ပြေးကြတယ်။ တချို့ကတော့ ပြည်မဖက်ကို ကားနဲ့ထွက်တယ်။ မနေ့ကဆိုရင် ကား ၁၅ စီးလောက်ပြည်မဖက်ကိုထွက်သွားတယ်။ တောင်ကုတ်က စစ်ကောင်စီဂိတ်တွေကို AAက သိမ်းပိုက်ထားပြီ။ မြို့ထဲက နေရာအချို့မှာတော့စစ်တပ်က ဝင်ရောက်နေရယူထားတယ်။  မြို့တွင်းတိုက်ပွဲလည်းဖြစ်လာနိုင်တယ်။ လက်ရှိ တိုက်ပွဲရပ်နေတာက ဒီနေ့အထိဆိုရင် ၃ ရက်ရှိပြီ ငြိမ်နေတာ"ဟုပြောသည်။

ယမန်နေ့(နိုဝင်ဘာ၁၈ ) ရက်နေ့က သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးငယ်များ အများစုပါဝင်သော တောင်ကုတ်က စစ်ပြေးရှောင်ကားများသည် ရိုးကိုကျော်ပြီး ပန်းတောင်နှင့် ပြည်ဘက်သို့ ထွက်ခွာသွာခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

တောင်ကုတ်တွင် တိုက်ပွဲငြိမ်သက်နေသည့် ၃ ရက်ခန့်အတွင်း မြို့တွင်းကပြည်သူများမှာပြည်မဘက်သို့စစ်ရှောင်သွားကြသလို  တောင်မြို့နှင့်နီးစပ်ရာကျေးရွာများသို့ စစ်ဘေးရှောင်သူများလည်းရှိနေသည်ဟု သိရသည်။

“ တိုက်ပွဲတွေက မကြာခင် ဆက်ဖြစ်မယ့် အနေအထားရှိတော့ တိုက်ပွဲရပ်နေတဲ့ အချိန်မှာ ထွက်ပြေးကြတယ်။ ပြည်မဘက်ကို ရိုးကိုကျော်ပြီး ကားတွေနဲ့ တိမ်းရှောင်သူတွေရှိသလို နီးစပ်ရာ နယ်ကျေးရွာတွေကို တိမ်းရှောင်သူတွေလည်း ရှိကြတယ်။ ဘယ်ကိုမှ ထွက်မပြေးဘဲ မြို့တွင်းမှာကျန်ရှိနေသေးတဲ့လူတွေလည်း ရှိနေသေးတယ်။ ထွက်ပြေးသူတွေကတော့ သောင်းနဲ့ချီ ရှိနေပါပြီ” ဟုပြောသည်။

စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများကို အဓိကပြုလုပ်နေပြီး အထူးသဖြင့် တောင်ကုတ်မြို့အနီးရှိ ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်မှုများကို ပြုလုပ်နေသည်ဟု သိရသည်။

ပြီးခဲ့သည့်နိုဝင်ဘာ ၁၄ရက်နေ့ကလည်း စစ်ကောင်စီ၏ Y-12လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဖုံညိုလိပ်ကျေးရွာရှိ အိမ်ခြေ ၄၀ခန့်၊ ရန်ခိုကျေးရွာ၏ အိမ်ခြေထက်ဝက်ခန့်နှင့် မြို့တွင်းရှိ သိမ်‌တောင်ရပ်ကွက်မှ နေအိမ် ၆ဆောင်ခန့် မီးလောင်ပြာကျခဲ့ရသည်ဟု တောင်ကုတ်မြို့မှစစ်ရှောင်လာသည့် သံဃာတော်တစ်ပါးက နိရဉ္စရာကို မိန့်ကြားသည်။

" ဒီ၁၄ရက်နေ့လောက်က စစ်ကောင်စီက ဗုံးကြဲခဲ့လို့  ဖုံညိုတစ်ရွာလုံး မီးလောင်ပြာကျသွားခဲ့တယ် ။ ရန်ခိုကျေးရွာမှာ ၅၀ရာခိုင်နူန်းလောက် မီးလောင်ပြာကျတယ်။ လူ ၅ယောက်သေတယ်။ မြို့တွင်းမှာဆိုရင် သိမ်တောင်ရပ်ကွက်က နေအိမ် ၆ဆောင်လောက် မီးလောင်သွားတယ်" ဟုပြောသည်။

တောင်ကုတ်မြို့အတွင်းတွင် စစ်သင်တန်းဆင်းမွတ်ဆလင်စစ်သားများက စည်ပင်လမ်းဆုံတွင် တပ်စွဲနေထိုင်ပြီး၊ စစ်ကောင်စီ၏စနိုက်ပါသမားများမှာ ဘဏ်အဆောက်အအုံများနှင့်အစိုးရ အဆောက်အဦးမျာတွင် နေရာယူထားသည်ဟု ဒေသခံများက ပြောသည်။

Most read this week

March 28, 2026
ကျော်သီဟ - ရခိုင်ပြည်တွင် ငွေထုတ်ခ ရာနှုန်းများ တဖြည်းဖြည်းမြင့်တက်လာနေသည်ဟု သိရသည်။...
March 27, 2026
ခိုင်လူလှ (ရိုးမမြေ) — တရုတ်စီမံကိန်းကြီးမှာတည်ရှိရာ ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်နှင့်...
ယတြာချေသည့်အမှုကို ပြုလုပ်နေစဉ်။ (ပုံဟောင်းသာ)
March 26, 2026
အာရက္ခတပ်တော် (AA)နှင့် ရင်ဆိုင်တိုက်ခိုက်နေသည့် စစ်မျက်နှာ ၅ ခုစလုံးတွင် စစ်ကော်မရှင်တပ်သည်...
March 25, 2026
ရခိုင်ပြည်တွင် စစ်ကျန် မြေမြှုပ်မိုင်းနှင့် လက်နက်ခဲယမ်းများကြောင့် သေဆုံးဒဏ်ရာရသူများ...