ဖာပွန်-ကမမောင်းတွင် စစ်ကောင်စီအတွက် စစ်မှုထမ်းသင်တန်းသားခေါ်ယူရေး BGF အကူအညီပေးနေ

ဖာပွန်-ကမမောင်းတွင် စစ်ကောင်စီအတွက် စစ်မှုထမ်းသင်တန်းသားခေါ်ယူရေး BGF အကူအညီပေးနေ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) နယ်မြေရှိ ကမမောင်းမြို့တွင်  ပြီးခဲ့သည့် အောက်တိုဘာလ (၁) ရက်နေ့မှစတင်ကာ စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်းအတွက် တပ်သားစုဆောင်းရေးနာမည်စာရင်း ကောက်ယူ မှုများလုပ် ဆောင်ရာတွင် ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF က အကူအညီပေးနေကြောင်း KNU တပ်မဟာ(၅)တာဝန်ရှိသူနှင့် ဒေသခံများထံမှ သိရသည်။

ကမမောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာ အချို့တွင် အသက် (၃၀)ကျော်မှ (၆၀) ကျော် အရွယ်ဒေသခံအမျိုးသားများကို စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းပေးရန် BGF တပ်ဖွဲ့ဝင်များက အဓိကဦးဆောင်၍  စာရင်းလိုက်လံကောက်ခံခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်တို့က ဆိုသည်။

စစ်ကောင်စီအနေဖြင့် သင်တန်းတက်ရောက်သူများအား ထောက်ပံ့ငွေကြေးအပြင် လက်နက်များတပ်ဆင်ပေးသွားရန် စီစဉ်နေသည်ဟု ကေအဲန်ယူ တပ်မဟာ ၅ ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက ကေအိုင်စီသို့ ပြောသည်။

၎င်းက “စစ်သားစုဆောင်းရေးအဖွဲ့က ကျေးရွာ၊ မြို့လုံခြုံရေးချဖို့ ခေါ်တာ၊ သင်တန်းအပြင် ငွေကြေးရော၊ လက်နက်ရော ပေးမယ်လို့ ကြားတယ်။  ဒီအစီအစဥ်အတွက် BGF ကို တာဝန်ပေးထားတယ် ဆိုပေမယ့် ကမမောင်းမြို့ထဲမှာပဲ သူတို့ နည်းနည်းပါးပါး လှုပ်ရှားရဲမယ်။ တခြားဘေးပတ်လည်ကိုတော့ အဲဒီလိုမလုပ်ရဲဘူး။ သင်တန်းတက် မယ့်သူတွေက BGF တပ်ထဲ နေရင်နေ ဒါမှမဟုတ် စစ်ကောင်စီထဲ သွားနေမှာပေါ့။ ရပ်ရွာထဲမှာတော့ သူတို့ နေမရဲဘူး။ “ ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက ကမမောင်းမြို့ပေါ်နှင့် ကျေးရွာအလိုက် ဒေသခံ များအား စစ်မှုထမ်းစာရင်းကောက်ယူရန် စစ်ကောင်စီတပ်ဖွဲ့နှင့် BGF တပ်ဖွဲ့ ဝင်များက ခေါ်ယူတွေ့ ဆုံခဲ့ရာတွင်လည်း လူသစ်စုဆောင်းမှုကို လက်ခံကြောင်း ဖိအားပေး လက်မှတ်ရေးထိုးခိုင်းသည်တို့ ရှိခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်များက ပြောသည်။

ထို့အပြင် အမည်စာရင်းပါရှိသူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမ တက်ရောက်ပါက လစဥ်ဒဏ်ငွေထည့်သွင်းရမည်ဟုလည်း ကမမောင်းမြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။

၎င်းအမျိုးသမီးက “တစ်အိမ်တက်တစ်အိမ်ဆင်း အိမ်ထောင်စုစာရင်းနဲ့ လိုက်ကောက်တယ်။ မသွားနိုင်ရင် တစ်အိမ်ကို တစ်လ ထောက်ပံ့ကြေး သုံးသောင်းပေးလို့ရတယ်လို့ ပြောတယ်။ လောလောဆယ်တော့ သူတို့လိုက်ကောက်နေတုန်း။ တစ်ရပ်ကွက်ကို အယောက် (၃၀) အမည်စာရင်းပေးရမယ် ကြားတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ဒေသခံများအပေါ် ဖိအားပေး စစ်မှုထမ်းစေရေးမှာ ပြီးခဲ့သည့် စက်တင် ဘာလ(၅)ရက်နေ့က စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦးမှ BGF တပ်ရင်း (၁၀၁၄)တပ်ရင်းမှူး ဗိုလ်မောင်ချစ်အား တာဝန်ပေးခဲ့ပြီးနောက် ယခုလို အကောင် အထည်ဖော်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ ကမမောင်းမြို့ပေါ် အမှတ် (၉)ရပ်ကွက် နှင့် အနီးအနား ကျေးရွာတချို့တွင် လူနာမည် စာရင်းကောက်ယူမှုများပြုလုပ်လျက်ရှိသောကြောင့် စစ်မှုမထမ်းလိုသူ ဒေသခံလူငယ်များ ထွက်ပြေးတိမ်းရှောင်နေသူရှိပြီး BGF တပ်ဖွဲ့ဘက်ကလည်း ဖာပွန်-ကမမောင်း-ဝါးဘိုးတော လမ်းပိုင်းအထိ စစ်ဆေးပိတ်ဆို့မှုများပြုလုပ်လျက်ရှိကြောင်း မြို့ခံများ၏ပြောပြချက်အရ သိရသည်။

January 30, 2026
၂၀၂၅ ခုနှစ်အတွက် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း...
January 29, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်...
January 28, 2026
ကရင်ပြည်နယ်၊ ဘုရားသုံးဆူနယ်မြေထဲတွင် ကျားဖြန့် အွန်လိုင်း ငွေလိမ်လုပ်ငန်းအတွက် အဆောက်အဦသစ်များ...
Photo credit- เอก เกียรติศักดิ์ แม่สอด
January 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီ(၂၆)ရက်နေ့က မြန်မာဘက်...