KIA သိမ်းပိုက်ထားတဲ့ ချီဖွေမြို့ကို အုပ်ချုပ်ရေးစနစ်စတင်နိုင်ဖို့ လုပ်ဆောင်နေဟုဆို

KIA သိမ်းပိုက်ထားတဲ့ ချီဖွေမြို့ကို အုပ်ချုပ်ရေးစနစ်စတင်နိုင်ဖို့ လုပ်ဆောင်နေဟုဆို

ကချင်အထူးဒေသ ၁ ၊ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပြီဖြစ်တဲ့အတွက် အုပ်ချုပ်ရေးစနစ်စတင်ဖို့ လုပ်ဆောင်နေပြီလို့ သိရပါတယ်။

မြို့အုပ်ချုပ်ရေးပိုင်းတွေနဲ့ ပညာရေးကဏ္ဍတွေကို KIO/KIA ရဲ့အုပ်ချုပ်ရေးစနစ်နဲ့ သွားနိုင်ဖို့ စီစဉ်တာတွေ ပြုလုပ်နေတယ်လို့ ချီဖွေဒေသမှာရှိတဲ့ KIA ထိပ်တန်းအရာရှိတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ကျွန်တော်တို့ KIO အစိုးရ ပညာရေးစနစ်နဲ့ ဖွင့်လှစ်သွားဖို့ အစီစဉ်ရှိတယ်။ အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်ပြီးတော့ အခုကစပြီး လုပ်ဆောင်နေပြီ။ အရင်ကရှိနေတဲ့ ရပ်ကျေးအုပ်ချုပ်ရေး စနစ်တွေကို ကျွန်တော်တို့ အုပ်ချုပ်ရေးစနစ်နဲ့ လက်တွေ့ဖော်ဆောင်သွားဖို့ စီစဉ်နေတယ်။“လို့ ဆိုပါတယ်။

လတ်တလောမှာ မြို့တွင်း KIA နဲ့ PDF တွေ နေရာယူထားလိုက်နိုင်ပြီ ဖြစ်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတွေကို မြို့ကိုပြန်လာဖို့ ခေါ်ထားကြောင်းလည်း ဆက်လက်ပြောပါတယ်။

“အခုက သေနတ်သံတွေ မမြည်တော့ဘူး။ အဲဒါကြောင့်ပြန်လာကြပါဆိုပြီး ခေါ်တာမျိုးလုပ်နေကြပါတယ်။” လို့ အထက်ပါအရာရှိက ဆက်လက်ပြောပါတယ်။



ဒါ့အပြင် ဝိုင်းမော်မြို့ကလွဲပြီး မြို့အရှေ့ဘက် (ဝိုင်းမော်- ချီဖွေလမ်းတစ်လျှောက်)ကတော့ KIO/KIA ရဲ့ ထိန်းချုပ်ဧရိယာအတွင်းမှာ ရှိနေပြီဖြစ် တယ်လို့လည်း သိရပါတယ်။

ကချင်နယ်ခြားစောင့်တပ်(NDAK) ဥက္ကဌ ဦးဇခုန်တိန့်ယိန်း ဦးဆောင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်တဲ့ ချီဖွေမြို့အရှေ့ဘက် ဂမ်ခွန်းကျေးရွာ၊ ဖီမော်ကျေးရွာအနီးမှာ တပ်ရင်း ၁၀၀၁၊ ပန်ဝါဒေသ လုပြည်ကျေးရွာအနီးမှာ ၁၀၀၂၊ ဝိုင်းမော်မြို့နယ် ကန်ပိုက်တီမြို့အနီး ဝေါ်ချုံးဒေသမှာ ၁၀၀၃ ဆိုပြီးတော့ တပ်ရင်း ၃ ရင်း ဖွဲ့စည်းနေရာချထားတာဖြစ်ပြီး ကချင်အထူးဒေသ(၁) အဖြစ် သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့မှာ စစ်ကောင်စီက ငြိမ်းချမ်းရေးအတွက်ဆိုပြီး တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေ၊ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်တပ်ဖွဲ့ (PDF) တွေကို လက်နက်ကိုင် လမ်းစဉ်စွန့်လွတ်ပြီးတော့ ပါတီနိုင်ငံရေးလမ်းကြောင်း ဒါမှမဟုတ် ရွေးကောက်ပွဲလမ်းကြောင်းကနေ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြဖို့ ထုတ်ပြန်ခဲ့ပြီးနောက် ၃ ရက်လောက်အကြာမှာပဲ KIA က ချီဖွေမြို့ကို သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

March 30, 2026
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ကိုင်ပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည်...
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရန်ကုန် ရန်ကင်း (Facebook)
March 28, 2026
နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က...
Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...