စစ်တွေတွင် ပုဂ္ဂလိကသင်္ဘောများကို ကမ်းကပ်ခွင့်ပိတ်ထား

စစ်တွေတွင် ပုဂ္ဂလိကသင်္ဘောများကို ကမ်းကပ်ခွင့်ပိတ်ထား

ကုန်းလမ်း၊ ရေလမ်းခရီး ပိတ်ဆို့ဖြတ်တောက်ခံထားရသည့် ရခိုင်ပြည်၊ စစ်တွေမြို့သို့ ပြည်မမှ ကုန်ပစ္စည်များ တင်သွင်းနေသည့် ပုဂ္ဂလိက သင်္ဘောများအား စစ်ကောင်စီက ကမ်းကပ်ခွင့်ကို ပိတ်ထားကြောင်း သတင်းရရှိသည်။

ဒေသခံများလိုအပ်သော အခြေခံကုန်ပစ္စည်းများကို လေကြောင်းနှင့် ရေကြောင်းအား အဓိက မှီခိုနေရသည့် စစ်တွေမြို့တွင် ပုဂ္ဂလိကသင်္ဘောများ ကမ်းကပ်ခွင့်ကို ပြီးခဲ့သည့် ဩဂုတ်လမှစ၍ ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။

“ ကုန်ပစ္စည်းတွေတင်နေတဲ့ သင်္ဘောတွေ စစ်တွေမှာကမ်းကပ်ဖို့ ခွင့်ပြုချက် မရတော့တာ။ ရန်ကုန်ဘက်ကို စစ်ဘေးရှောင်သွားသူတွေရဲ့ အိမ်ထောင်ပရိဘောဂတွေကို ကျနော်က သင်္ဘောနဲ့ ထည့်ပေးနေတာ။ အခုကမ်းမကပ်ရတော့ မထည့်ပေးနိုင်တော့ဘူး” ဟု စစ်တွေမြို့မှ ကုန်သည်တစ်ဦးက ပြောသည်။

ပုဂ္ဂလိက ကုန်တင်သင်္ဘောများဖြင့် စားသောက်ကုန်များအား စစ်တွေမြို့သို့ သယ်ယူပို့ဆောင်ကာ စစ်တွေမြို့မှ အိမ်သုံးပရိဘောဂများကို ပြည်မဘက်သို့ ပို့ဆောင်နေခြင်းဖြစ်သည်။

စစ်ကောင်စီက ပုဂ္ဂလိက သင်္ဘောများ အဝင်/အထွက်ကို ရပ်နားထားသော်လည်း စစ်ကောင်စီပိုင် သင်္ဘောများဖြင့် ဝန်ထမ်းများအား စစ်တွေမြို့မှ ရန်ကုန်ဘက်သို့ ပို့ဆောင်ပေးနေကြောင်း သိရသည်။

“ရွှေ့ပြောင်းဝန်ထမ်းတွေကို ရန်ကုန်ဘက်ကို ပို့နေတာ။ ဘယ်ဝန်ထမ်းတွေပါလဲတော့ မသိဘူး။ ကျနော့်မှာ ကားနဲ့ ဆိုင်ကယ်ကို ရန်ကုန်ဘက်ကို ပို့ပေးခါနီး သင်္ဘောအဝင်အထွက်ကို ပိတ်လိုက်တာ” ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ဒေသကို လမ်းခရီးပိတ်ဆို့ထား၍ ပြည်သူများ ကုန်စည်ပြတ်လပ်မှုဒဏ် ခံစားနေရချိန် စားကုန်အပါအဝင် လူသုံးကုန်ပစ္စည်းများ တင်ပို့နေသော သင်္ဘောများအား ကမ်းကပ်ခွင့်ရပ်နားလိုက်သည်။

သင်္ဘောအဝင်/ထွက် ပိတ်ပြီးနောက် လူအသုံးအဆောင်ပစ္စည်းများမှာ ယခင်ကထက် ငွေကျပ် ၂,၀၀၀ နှင့်အထက် မြင့်တက်နေကြောင်း မြို့ခံများ ပြောပြချက်အရ သိရသည်။

မြို့တွင်းတိုက်ပွဲကို စိုးရိမ်၍ ဒေသခံများမှာ ပြည်မဘက်သို့ စစ်ဘေးရှောင်ရာတွင် လေယာဉ်လက်မှတ်ဖိုး ဈေးကြီး၍ သင်္ဘောဖြင့်သွားနေချိန် သင်္ဘောအဝင်/ထွက်အား ပိတ်လိုက်သဖြင့် စစ်ဘေးရှောင်ရန် အခက်အခဲဖြစ်နေကြသည်။

စစ်တွေမြို့မှ ကုန်သည်အမျိုးသမီးတစ်ဦးက “အခု စစ်တွေအနီးမှာ တိုက်ပွဲတွေဖြစ်နေပြီ။ စစ်ဘေးရှောင်ဖို့ တစ်မိသားစုလုံး လေယာဉ်လက်မှတ်ဖိုး မတတ်နိုင်ဘူး။ အရင်ကဆို ကုန်ကျငွေသက်သာလို့ သင်္ဘောတွေနဲ့ သွားကြတယ်။ အခုပိတ်ထားတော့ ပိတ်မိနေပြီ” ဟု ပြောသည်။

စစ်တွေ - ရန်ကုန် လေယာဉ်လက်မှတ် တစ်စောင်ကို ငွေကျပ် ၄၅၀,၀၀၀ မှ ၅၀၀,၀၀၀ ဝန်းကျင်အထိ ရှိသည်။

စစ်ကောင်စီသည် ရခိုင်တိုက်ပွဲ စတင်ချိန်မှစ၍ စစ်တွေဆိပ်ကမ်းကို အသုံးပြုကာ ဆောက်လုပ်ရေးပစ္စည်းများ၊ စားနပ်ရိက္ခာများကို စစ်တွေတပ်ရင်းများသို့ ဆက်တိုက်ပို့ဆောင်လျက်ရှိသည်။

April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...