ကလေးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါအဖြစ်များ၊ကာကွယ်ဆေးလိုအပ်

ကလေးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါအဖြစ်များ၊ကာကွယ်ဆေးလိုအပ်

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တွင် သွေးလွန်တုပ်ကွေးနှင့် ရာသီတုပ်ကွေးရောဂါ အဖြစ်များနေပြီး ရောဂါတားဆီးနိုင်ရေးအတွက် ဆေးဝါးများ လိုအပ်နေကြောင်း People’s Healthcare Network – Kalayထံမှသိရသည်။

ဇွန်လမှစတင်ပြီး တုပ်ကွေးနှင့်ဝမ်းလျောဝမ်းပျက်ရောဂါအဖြစ်များခဲ့သော်လည်း ဇူလိုင်နှင့် ဩဂုတ်လများတွင်သွေးလွန်တုပ်ကွေးရောဂါအဖြစ်များလာခြင်းဟုPeople’s Healthcare Network – Kalay တာဝန်ခံဆရာဝန် ဒေါက်တာဂျိုးဇက်က မဇ္စျိမကိုပြောသည်။

“ကျနော်တို့ သွေးလွန်တုပ်ကွေးကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းဖို့နဲ့ ဆေးစိမ်ခြင်ထောင်တွေလိုအပ်နေပါတယ်။ အဲဒီကာကွယ်ရေးပစ္စည်းတွေရှိခဲ့မယ်ဆိုရင် ရောဂါဖြစ်ပွားနှုန်းနဲ့ ကူးစက်နှုန်းက သိသိသာသာလျော့နည်းသွားမှာပါ” ဟု ဒေါက်တာဂျိုးဇက်က ပြောသည်။

သွေးလွန်တုပ်ကွေးနှင့် ဝမ်းလျောဝမ်းပျက်သူ ၁၀၀ခန့် ရောဂါကူးဆက်နေပြီး ဆေးကုသမှုခံယူရန် နောက်ကျမှရောက်လာသူများရှိသော်လည်း အသက်သေဆုံးသူမရှိသေးကြောင်း ဒေါက်တာဂျိုးဇက် ကဆက်ပြောသည်။

မြစ်ရေကြီးခြင်းအပါအဝင် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း ၊ စစ်ကောင်စီတပ်က ဆေးဝါးသယ်ယူခွင့်ပိတ်ပင်ထားခြင်းများကြောင့် ဓာတ်ဆားထုပ်အပါအဝင် ဆေးဝါးများ လိုအပ်နေကြောင်းသိရသည်။

“ကလေးမြို့ကနေ နယ်ဖက်ကို ဆေးတွေသယ်တာတော့ အန္တရာယ်များတယ်ဗျ။ ကွင်းလမ်းတွေကနေ ခိုးဝှက်ပြီးသယ်ကြရတာ။ဂိတ်တွေကိုဖြတ်ပြီးတော့ သယ်ခွင့်မပြုဘူး။ မြို့ပေါ် ကိုလည်း ကုမ္ပဏီတွေက များများယူမှ ပို့ပေးကြတာဆိုတော့ များများဝယ်ရင်လည်း PDF ကိုထောက်ပို့ဖို့လားဆိုပြီး အဖမ်းအဆီးခံရမှာစိုးတော့ ဆေးဆိုင်တွေကလည်း များများမတင်ကြဘူး။ ဆေးကတော့ဈေးကြီး ပေးဝယ်နေရတယ်” ဟု ကလေးမြို့ဒေသခံတဦးကပြောသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ကလေးငယ်များ သေဆုံးသည်အထိ နှစ်စဉ် ဒုက္ခပေးနေသောကြောင့် မပေါ့ဆဘဲ နေအိမ်တွင် ခြင်ပေါက်ဖွားနိုင်သည့် နေရာများကို သန့်ရှင်းပေးကြရန် People’s Healthcare Network – Kalay က တိုက်တွန်းထားသည်။

သွေးလွန်တုပ်ကွေးရောဂါသံသယရှိလာပါက နားလည်တတ်ကျွမ်းသူများနှင့် အချိန်မီပြသပြီး ဆေးဝါးကုသမှုခံယူသင့်ကြောင်း ဒေါက်တာဂျိုးဇက် ကအကြံပြုသည်။

ကလေးမြို့နယ်တောင်ပိုင်းတွင် People’s Healthcare Network – Kalay ၏ Medical Centre (4) ကို ၂၀၂၄ခုနှစ် ဇန်နဝါရီလ၁နေ့မှ စတင်ဖွင့်လှစ်ထားပြီး ဒေသခံများ၊စစ်ဘေးရှောင်ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအတွက် အရေးပေါ်ဆေးဝါးကုသမှုနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း သိရသည်။

ဇူလိုင်လအတွင်း ရာသီတုပ်ကွေး ၊သွေးလွန်တုပ်ကွေး ၊ဝမ်းလျောဝမ်းပျက်လူနာများအပြင် သွေးတိုး၊ဆီးချို၊နာတာရှည်ရောဂါဖြစ်သူ ဒေသခံနှင့် စစ်ဘေးရှောင်အမျိုးသား ၉၁ဦး ၊ အမျိုးသမီး ၁၆၇ဦး ၊ ငါးနှစ်အောက်ကလေး ၃၄ဦး ၊ ကိုယ်ဝန်ဆောင်မိခင် ၁၀ဦးနှင့် ပြည်သူ့ကာကွယ်‌ရေးရဲဘော်ငါးဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း People’s Healthcare Network – Kalay ထံမှသိရသည်။

Most read this week

January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...
January 21, 2026
ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်အတွင်း ဖွင့်လှစ်ထားတဲ့ ခါကာဘို ဘိုးဘွားရိပ်သာမှာ ခက်ခဲပြီး...