အဆင့်မြှင့်ပညာရေးနှင့် နိုင်ငံတကာပညာရေးကို လက်လှမ်းမီနိုင်ဖို့ ကယန်းအမျိုးသားတက္ကသိုလ်ကို ဖွင့်လှစ်

အဆင့်မြှင့်ပညာရေးနှင့် နိုင်ငံတကာပညာရေးကို လက်လှမ်းမီနိုင်ဖို့ ကယန်းအမျိုးသားတက္ကသိုလ်ကို ဖွင့်လှစ်

ကယန်းအမျိုးသားပညာရေးကော်မတီက စီမံတဲ့ ကယန်းအမျိုးသားတက္ကသိုလ်ကို ကယန်းဒေသတစ်နေရာမှာ  ဩဂုတ်လ ၆ ရက်နေ့ မှာ အခမ်းအနားကျင်းပပြီး ဖွင့်လှစ်ခဲ့ပါတယ်။

အခြေခံပညာပြီးမြောက်သူတွေအတွက် အဆင့်မြှင့်ပညာရေးနဲ့ နိုင်ငံတကာပညာရေးကို လက်လှမ်းမီစေဖို့ ရည်ရွယ်ပြီးတော့ ခုလို ကယန်းအမျိုးသားတက္ကသိုလ်ကို ဖွင့်လှစ်တာဖြစ်တယ်လို့ သိရပါတယ်။

ကယန်းအမျိုးသားပညာရေးကော်မတီရဲ့ အကြံပေးတစ်ဦးဖြစ်တဲ့ ဒေါက်တာသိန်းလွင်က “ကယန်းဒေသမှာဆိုရင် အထက်တန်းကျောင်းလည်း ၉ ကျောင်းဖွင့်လှစ်ထားပြီးတော့ အထက်တန်းကျောင်းမှာ သင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူစုစုပေါင်းလည်း ၉၀၀ ကျော်ရှိပါတယ်။ ကယန်းဒေသမှာ နေထိုင်တဲ့ လူငယ်များအတွက်၊ အခြေခံပညာပြီးဆုံးတဲ့ လူငယ်များအတွက် ဒါ အဆင်မြှင့်ပညာသင်ကြားနိုင်ဖို့အတွက် တက္ကသိုလ်တစ်ခုလို အပ်လာပါတယ်။ အဲ့ဒီအပြင် ကယန်းဒေသမှာ ထူးခြားတဲ့ ကယန်းလူမျိုးများရဲ့ စာပေနဲ့ ယဉ်ကျေးမှု၊ ကယန်းလူမျိုးများရဲ့ သမိုင်း၊ ကယန်းဒေသရဲ့ ပထဝီ၊ ဘူမိဗေဒ၊ မနုဿဗေဒစသဖြင့် ကယန်းဒေသမှာ ထူခြားတည်ရှိနေတဲ့ ဒါလေ့လာဖို့အတွက် ဌာနတစ်ခုလည်း လိုအပ်ပါတယ်။ ဒီ ကယန်းအမျိုးသားတက္ကသိုလ်ဟာ ကယန်းဒေသမှာ နေထိုင်တဲ့ သူတွေအတွက်သာမကပဲနဲ့ ကျနော်တို့ ပြည်ထောင်စုတစ်ခုလုံးမှာရှိတဲ့ ကျောင်းသူကျောင်းသားတွေ လာရောက် လေ့လာသင်ယူနိုင်တဲ့ တက္ကသိုလ်လည်းဖြစ်ပါတယ်”လို့ ပြောပါတယ်။

ကယန်းအမျိုးသားပညာရေးကော်မတီကို ကယန်းပြည်သစ်ပါတီက ၂၀၂၂ ခုနှစ်မှာ ဉီးဆောင်ဖွဲ့စည်းပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ကယန်းအမျိုးသားပညာရေးကော်မတီကနေ ကယန်းဒေသမှာ အခြေခံပညာရေးကျောင်းပေါင်း ၁၄၅ ကျောင်းဖွင့်လှစ်ထားသလို ကျောင်းသား၊ ကျောင်းသူပေါင်း ၁၃၀၀၀ ရှိပြီး ဆရာ၊ ဆရာမ ၁၀၀၀ ဦးနဲ့ လည်ပတ်နေတယ်လို့ ဆိုပါတယ်။

အခြေခံပညာရေးပြီးမြောက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ခုလို အဆင့်မြှင့်ပညာရေးကို ဆက်လက်သင်ယူ နိုင်ဖို့အတွက် ကယန်းအမျိုးသားတက္ကသိုလ်ကို ဖွင့်လှစ်တာလည်း ဖြစ်ပါတယ်။

ကယန်းအမျိုးသားတက္ကသိုလ်မှာ ပညာရပ် (၆) ခုဖြစ်တဲ့ ဆရာအတတ်သင်ပညာရပ်၊ စိုက်ပျိုးရေးပညာရပ်၊ ကျန်းမာရေးပညာရပ်၊ ဖွံ့ဖြိုးရေးနဲ့ လူမှုသိပ္ပံပညာရပ်၊ ကွန်ပျူတာပညာရပ်၊ ကယန်းစာပေနဲ့ ဘာသာစကားပညာရပ်တွေကို သင်ကြားပေးသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သဘာဝသိပ္ပံပညာရပ်တွေ၊ စီးပွားရေးပညာရပ်တွေ၊ ဥပဒေပညာရပ်တွေနဲ့ မြို့ပြတည်ဆောက်ခြင်းဆိုင်ရာ ပညာရပ်တွေကိုလည်း တိုးချဲ့ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

ကယန်းအမျိုးသားတက္ကသိုလ်ဟာ မိတ်ဖက်တိုင်းရင်းသားတက္ကသိုလ်တွေ၊ ပြည်ထောင်စုတက္ကသိုလ်တွေ၊ နိုင်ငံတကာတက္ကသိုလ်တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကယန်းလူမျိုးအပါအဝင်၊ လူမျိုးပေါင်းစုံရဲ့ လူအရင်းအမြစ်ကို မွေးထုတ်ပေးမယ့်နေရာဖြစ်တာကြောင့် ပြည်တွင်းပြည်ပရှိ ကယန်းအမျိုးသားအတတ်ပညာရှင်တွေ၊ ပြည်တွင်း ပြည်ပက အသိပညာရှင်၊ အတတ်ပညာရှင်တွေအနေနဲ့လည်း လူမျိုးဘာသာမရွေး ကယန်းအမျိုးသားတက္ကသိုလ်နဲ့ လာရောက်ပူးပေါင်း ဆောင်ရွက်နိုင်တယ်လို့ ကယန်းအမျိုးသားပညာရေးကော်မတီက ဖိတ်ခေါ်ထားပါတယ်။

Most read this week

July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...
July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...
July 24, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းတစ်ကျောင်းတွင် လုံခြုံရေး အခြေ...
July 23, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်းကို ဇူလိုင်လတတိယပတ်မှစ၍ စစ်ကောင်စီတပ်က...