ကွတ်ခိုင်မြို့မဈေးကို စစ်ကောင်စီကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်

ကွတ်ခိုင်မြို့မဈေးကို စစ်ကောင်စီကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မြို့မဈေးကို စစ်ကောင်စီတပ်က ဒီကနေ့ ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်း ၂ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။

ဒီကနေ့ နေ့လည်ပိုင်း ၁ နာရီဝန်းကျင်လောက်ကတည်းက ကင်းထောက်လေယာဥ်တစ်စီး ကွတ်ခိုင်မြို့ကို ပတ်ဝဲနေတာဖြစ်ပြီး နာရီဝက်ကျော်လောက်အကြာမှာတော့ ဂျက်ဖိုက်တာနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ် ခဲ့တာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

“ကွတ်ခိုင်မြို့မဈေးမှာဖြစ်တာပါ။ ဗုံးချတာတော့ ၆ခါလောက်နေမယ်။ အတိအကျတော့မသိဘူး။ ကျနော် လည်း ကတုတ်ကျင်းထဲဝင်လိုက်လို့ အခုချိန်ထိမီးလောင်နေတုန်းပဲ။ ၁ နာရီနီးပါးလာပစ်တယ်။ အခုတော့ ငြိမ်သွားပြီ ခေါက်တုန့်ခေါက်ပြန်ပတ်ပြီးလာချတာ”လို့ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုဟာ ကွတ်ခိုင်မြို့မဈေးကိုအဓိကဦးတည်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရပ်ကွက် ၆ အနီး တစ်ဝှိုက်ကိုလည်း လေကြောင်းပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

မြို့မဈေးအနီးတစ်ဝှိုက်က ဒေသခံတွေကတော့ လေကြောင်းတိုက်ခိုက်မှုမတိုင်ခင် ကင်းထောက်လေယာဥ် ပတ်ဝဲနေကတည်းကဘေးလွှတ်ရာတွေကို ထွက်ပြေးခဲ့ကြပေမဲ့ အခြေနေအသေးစိတ်ကိုတော့မသိရသေးဘူး လို့ ဒေသခံတွေကပြောပါတယ်။

“ခုနကကင်းထောက်လှည့်ကတည်းက ပြန်ကုန်ကြပြီဈေးကနေ ဈေးကတော့သိမ်းပြီးလောက်ပြီ။ အခြေနေ အသေးစိတ်ကိုတော့မကြားမိသေးဘူး ကျနော်လည်းအပြင်မထွက်သေးလို့”လို့ဒေသခံတစ်ဦးကပြောပါတယ်။

ကွတ်ခိုင်မြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ၁၀၂၇ စစ်ဆင်ရေးပထမလှိုင်းအတွင်း တအာင်းတပ်မတော် TNLA နဲ့ပူးပေါင်းအဖွဲ့တွေကအပြီးသတ်သိမ်းပိုက်ထားတာဖြစ်ပါတယ်။

ကွတ်ခိုင်မြို့မှာ ၂၀၁၉ ခုနှစ်စာရင်းအရ လူဦးရေ ၄သောင်းကျော်နေထိုင်ပြီး ရပ်ကွက် ၈ ခု ကျေးရွာအုပ်စု ၆၈ စုဖြင့်ဖွဲ့စည်းထားသောမြို့ကြီးဖြစ်သည်။

June 3, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း အုပ်စုလိုက် စည်းကမ်းမဲ့ဆိုင်ကယ်မောင်းနှင်မှုတွေကြောင့်...
June 2, 2026
အမိုး — ကချင်ပြည်နယ်ကို ဒုတိယအကြိမ် တက်လာတဲ့ စစ်တပ်ယာဉ်တန်းဟာ လမ်းတစ်လျှောက်...
May 30, 2026
အာဏာသိမ်းစစ်တပ်ဟာ  ကချင်ဒေသအပါ လက်လွတ်လိုက်ရတဲ့ မြို့နေရာတွေကို ပြန်ရဖို့...
May 29, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေ ဆက်တိုက်ဖြစ်နေပြီး အရင်ကထက်...