မြန်မာဘက်ကို စက်သုံးဆီ တင်ပို့ရောင်းချခွင့်မရှိဟု လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်

မြန်မာဘက်ကို စက်သုံးဆီ တင်ပို့ရောင်းချခွင့်မရှိဟု လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်

မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်မှ မြန်မာဘက်ကို စက်သုံးဆီတင်ပို့ရောင်းချခွင့် ပိတ်ပင်လိုက်သည်ဟု လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးက ဇူလိုင်လ ၁၆ ရက်နေ့က အမိန့်ထုတ်ပြန်လိုက်သည်။

လောင်တလိုင်ခရိုင်ထဲတွင် ယခုရက်ပိုင်းအတွင်း စက်သုံးဆီများ တရားမဝင် မှောင်ခို ဝယ်ယူရောင်းချမှုများရှိနေပြီး ဒေသခံပြည်သူများအတွက်အခက်အခဲမဖြစ်စေရန်နှင့် စက်သုံးဆီများ စနစ်တကျ ရောင်းဝယ်နိုင်ရေးအတွက်ဟုဆိုကာ လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူး Cheemala Siva Gopal Reddy က အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

လောင်တလိုင်ခရိုင်အတွင်းရှိ စက်သုံးဆီဆိုင် (Filling Station) များအနေဖြင့် အစိုးရက သတ်မှတ်ထားသော နှုန်းထားထက်ကျော်လွန်၍ စက်သုံးဆီများ ရောင်းချခြင်းမပြုရန်နှင့် စက်သုံးဆီဆိုင်များတွင် မိမိလိုအပ်သည်ထက်ပို၍ ဂါလံ၊ ပုံး များဖြင့် ဝယ်ယူခွင့်မရှိဟု သိရသည်။

ထို့အပြင် စက်သုံးဆီများကို အိမ်နီးချင်းမြန်မာနှင့် အခြားနိုင်ငံများသို့ တင်သွင်းရောင်းချခွင့်မရှိကြောင်း လောင်တလိုင် ခရိုင်အုပ်ချုပ်ရေးမှူး၏ အမိန့်တွင် ဖော်ပြထားသည်။

ယခုအမိန့်သည် ထုတ်ပြန်သည့်နေ့မှစ၍ ၂ လအတွင်း အသက်ဝင်မည်ဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်သူများရှိပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဟု သိရသည်။

လောင်တလိင်ခရိုင်မှတဆင့် မြန်မာဘက်ကို စက်သုံးဆီများ သယ်ယူပို့ဆောင်မှုကို ဒေသတွင်းအခြေစိုက် Central Young Lai Association (CYLA) က ဇွန်လ ၂၄ ရက်နေ့ကကတည်းက ပိတ်ပင်ခဲ့ပြီးဖြစ်သည်။

လောင်တလိုင်ခရိုင်မှတဆင့် ချင်းပြည်နယ်ဘက်ကို ဆက်သွယ်သော ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းလမ်းနှင့် အခြားသော နယ်စပ်လမ်း ကြောင်းများအားလုံးတွင် CYLA က စစ်ရေးဂိတ်များထားရှိကာ ရခိုင်ပြည်ကိုပို့မည့် စက်သုံးဆီ၊ ဆေးဝါးနှင့် အခြားကုန်ပစ္စများကို ဖြတ်သန်းခွင့်မပြုခဲ့ကြပေ။

လောင်တလိုင်ခရိုင်မှတဆင့် မြန်မာဘက်သို့ ကုန်ပစ္စည်းနှင့် စက်သုံးဆီများ တင်သွင်းမှုများသည် စစ်မက်ဖြစ်ပွားခြင်းကြောင့် ဒုက္ခရောက်ရှိနေကြသော ရခိုင်ပြည်သူများအတွက် မှတ်ယူခဲ့ကြသော်လည်း အာရက္ခတပ်တော် AA က ချင်းလူမျိုးများအား ပစ်ခတ်တိုက်ခိုက်ရာမှာ အင်အားတည်ဆောက်ရေးနှင့် ရိက္ခာအဖြစ်အသုံးပြုနေသည့်အတွက်ဟုဆိုကာ CYLA က ပိတ်ပင်ထားခြင်းဖြစ်သည်။

ယခုကဲ့သို့ အစိုးရအဖွဲ့အစည်းကိုယ်တိုင်က မြန်မာဘက်ကို စက်သုံးဆီ တင်သွင်းရောင်းချခွင့် ပိတ်ပင်လာသည့်အပေါ် ကြိုဆိုကြောင်း၊ CYLA အနေဖြင့်လည်း နဂိုအတိုင်း ဆက်လက်ပိတ်ပင်သွားမည်ဖြစ်ပြီး လောင်တလိုင်ခရိုင်ထဲ လမ်းပိတ်ထားမှုကြောင့် သောင်တင်နေသော ရခိုင်ကုန်သည်များ နေရပ်ပြန်နိုင်ရေးအတွက်လည်း စီစဉ်ပေးသွားမည်ဟု CYLA ထံမှ သိရသည်။

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...