SSPP နှင့် TNLA နှစ်ဘက်ခေါင်းဆောင်များ UWSA ဌာနချုပ် ပန်ဆန်း၌ တွေ့ဆုံဆွေးနွေး

SSPP နှင့် TNLA နှစ်ဘက်ခေါင်းဆောင်များ UWSA ဌာနချုပ် ပန်ဆန်း၌ တွေ့ဆုံဆွေးနွေး

မဟာမိတ်တပ်ဖွဲ့အချင်းချင်း စစ်ရေးတင်းမာနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှစ်ဘက်ခေါင်းဆောင်များသည် ‘ဝ’ဒေသ ပန်ဆန်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇူလိုင်လ ၁၃ ရက်) တွင် ‘ဝ’တပ်ဖွဲ့ UWSA ဌာနချုပ်တည်ရှိရာ ပန်ဆန်းမြို့၌ SSPP ဘက်မှ ဒုဥက္ကဋ္ဌဖြစ်သူ ဒုဗိုလ်ချုပ်ကြီးခွန်စိုင်း ဦးဆောင်၍ TNLA ဘက်မှ ဥက္ကဋ္ဌဖြစ်သူ ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ဉီးဆောင်သည့် အဖွဲ့တို့နှင့် နှစ်ဘက်တပ်ဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က ပန်ဆန်းမှာတွေ့တယ်ဆိုတာတော့ အတည်ပြုလို့ရတယ်။ ဘာတွေ ဆွေးနွေးလဲဆိုတာတော့ မသိရသေးဘူး”ဟု ၎င်းစစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို အတည်ပြု ပြောဆိုသည်။

လက်ရှိတွင် SSPP နှင့် TNLA နှစ်ဘက်တပ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ဆွေးနွေးပွဲရလဒ် အသေးစိတ်ကို မသိရှိရသေးပေ။

ဇူလိုင်လ (၅) ရက်မှ စတင်ပြီး ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စုနှင့် သီပေါမြို့နယ် ကြံခင်း(ရေပူ)ရွာတို့တွင် ဖြစ်ပွားခဲ့သည့် SSPP တပ်ဖွဲ့နှင့် TNLA တပ်ဖွဲ့အကြား စစ်ရေးပဋိပက္ခကို ‘ဝ’တပ်ဖွဲ့ UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးမှုညှိနှိုင်းရေးကော်မတီ (FPNCC) မှ အမြန်ဆုံး ကြားဝင်ထိန်းသိမ်းပေးရန် နှစ်ဘက်တပ်ဖွဲ့စလုံးက ထုတ်ပြန်ခဲ့သည်။

ဇွန်လ (၂၅) ရက်မှ ပြန်လည်စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အပိုင်း(၂) တွင် သီပေါနှင့် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ညီနောင်မဟာမိတ်များက ဝန်းရံတိုက်ခိုက်နေစဉ် SSPP တပ်ဖွဲ့မှ ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်နေသည်ဟု ဆိုကာ ကန့်ကွက်သတိပေးပြီး ထိုလုပ်ရပ်များကို ရပ်တန့်ထိန်းသိမ်းရန် တောင်းဆိုကြောင်း TNLA တပ်ဖွဲ့၏ ဇူလိုင်လ ၈ ရက် ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ဇူလိုင်လ (၅) ရက်နေ့တွင် TNLA တပ်ဖွဲ့မှ ကျောက်မဲမြို့နယ် နောင်ပိန်အနီး တောင်ခြေစခန်းကို သွားရောက်စဉ် နောင်ပိန်လမ်းခွဲရှိ SSPP တပ်သားများ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံခဲ့ရပြီး စစ်ဆင်ရေးကြီးကြပ်သည့် ပထမတန်း စစ်ဦးစီးအရာရှိတစ်ဦး၊ တပ်ရင်းမှူး နှစ်ဦးတို့နှင့်အတူ တပ်ဖွဲ့ဝင် (၃) ဦး စုစုပေါင်း (၇) ဦးထက်မနည်း ထိုနေရာတွင် ပစ်သတ်ခံရ၍ ကျဆုံးခဲ့ကြောင်း TNLA ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ မိုးကုတ်နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ အခြေစိုက်ရာ လားရှိုးမြို့တို့ကို ညီနောင်မဟာမိတ် ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေစဉ် ဇူလိုင်လ ၁၁ ရက်နေ့တွင် ‘ဝ’တပ်ဖွဲ့ UWSA မှ တန့်ယန်းမြို့နယ်ထဲသို့ စစ်အင်အား ၂၀၀၀ ကျော်ဖြင့် ဝင်ရောက်နေရာယူခဲ့သည်။

အလားတူ ဇူလိုင်လ ၁၂ ရက်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင် ၄၀ ခန့်သာ ကွာဝေးသည့် မိုင်းရယ်မြို့ပေါ်သို့ SSPP တပ်ဖွဲ့မှ စစ်အင်အား အလုံးအရင်းဖြင့် လာရောက်တပ်စွဲထားပြီး စစ်မီးမကူးစက်လာအောင် ဝင်ရောက်နေရာယူထားခြင်းဖြစ်ကြောင်း SSPP/SSA က ထုတ်ပြန်ထားသည်။

February 9, 2026
စိုင်းဟန်လင်း — ခေတ်သစ်ဗမာ့ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အတိတ်က...
February 7, 2026
သျှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း...
February 6, 2026
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဝမ်စယ်ကျေးရွာသား (၉) ဦးကို...
February 6, 2026
စိုင်းဆိုင်အိုက် — မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ရောင်နီဦးဝန်းအတွင်း...