သိန္နီ စာသင်ကျောင်းနှင့် ပညာရေးမှူးရုံးပေါ် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ

သိန္နီ စာသင်ကျောင်းနှင့် ပညာရေးမှူးရုံးပေါ် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ

သျှမ်းပြည် သိန္နီမြို့ပေါ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် စာသင်ကျောင်းများနှင့် ပညာရေးမှူးရုံးသို့ စစ်ကောင်စီတပ်မှ ညသန်းခေါင်ကျော် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇူလိုင်လ ၁၂ ရက်) နံနက် ၁ နာရီကျော်ခန့်တွင် သိန္နီမြို့ပေါ် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် အထက-(၁)၊ ပညာရေးမှူးရုံးနှင့် ရပ်ကွက်-၃ ရှိ အထက-(၂) စာသင်ကျောင်းတို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံး(၃)လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အလုံးစုံ ပျက်စီးသွားကြောင်း သိန္နီမြို့ ဒေသခံများက ပြောသည်။

“ရပ်ကွက်-၃ က အထက(၂) ကျောင်းနဲ့ ပညာရေးမှူးရုံးနား ၃ နေရာကို လာချသွားတာ။ ဒီမနက် ၁ နာရီ ၂၀ မိနစ်လောက်မှာ လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ။ လူထိခိုက်တာတော့ မကြားရသေးဘူး။ အထက(၁) နားမှာတော့ ပညာရေးမှူးရုံးလည်း ရှိတော့ အဲ့မှာ ကိုးကန့်စစ်သားတွေ နေတယ်ထင်လို့ လာချတာလား မသိဘူး၊ အဲ့နားလေး ၂ လုံး ချသွားတယ်”ဟု သိန္နီမြို့မှ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်သို့ ဇူလိုင်လ ပထမပတ်မှ စတင်၍ စစ်ကောင်စီမှ လေကြောင်းကင်းထောက် ပျံသန်းမှုများ နေ့စဉ်လုပ်ဆောင်လာပြီး ဒေသခံများမှာ လေကြောင်းဗုံးကြဲခံရမှု အန္တရာယ် စိုးရိမ်မှုကြောင့် ညအချိန်တွင် ဘေးလွတ်ကင်းရာသို့ ညအိပ်တိမ်းရှောင်နေရကြောင်း သိရသည်။

“သိန္နီတစ်မြို့လုံးကတော့ တိတ်ဆိတ်နေပြီ၊ နောက်တစ်ခါ ထပ်ပြေးဖို့လည်း မလွယ်ဘူးလေ။ ညဆိုရင်တော့ ဘေးလွတ်မယ်ထင်တဲ့နေရာ တောင်ယာတဲထဲ ရှာအိပ်ရတာပေါ့။ မြို့ထဲက အိမ်မှာတော့ မအိပ်ရဲကြဘူး။ လေယာဉ်က နေ့တိုင်းလာဝဲနေတယ်၊ နေ့လယ်ဆိုရင် မပစ်ဘဲနဲ့ ညသန်းခေါင်တွေဆို ဗုံးကြဲသွားတာ ၂ ခါ ရှိပြီ”ဟု သိန္နီမြို့မှ ၎င်းဒေသခံ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ဇူလိုင်လ (၃)ရက် ညသန်းခေါင်ကျော်တွင် သိန္နီမြို့ပေါ် ရပ်ကွက်(၂) ရှိ ရဲစခန်းအနောက်ဘက်သို့ စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ဗုံး (၃) လုံး လာရောက်ကြဲချသွားခဲ့ရာ ပြည်သူနေအိမ် (၁၀) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိန္နီဒေသခံများထံမှ သိရသည်။

လက်ရှိတွင် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခကို ကိုးကန့်တပ်ဖွဲ့ MNDAA အပါအဝင် ညီနောင်မဟာမိတ်တပ်များက ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်လျက်ရှိပြီး သိန္နီမြို့ဘက်သို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...