ရခိုင်က စစ်ဘေးရှောင်များ ငှက်ဖျားရောဂါခံစားနေရ

ရခိုင်က စစ်ဘေးရှောင်များ ငှက်ဖျားရောဂါခံစားနေရ

စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်များမှာ ငှက်ဖျားရောဂါခံစားနေရပြီး ဆေးဝါးလိုအပ်ချက်ရှိနေကြောင်း ကူညီ‌ဆောင်ရွက်နေသူများက ပြောသည်။

ကျောက်တော် - ပုဏ္ဏားကျွန်း ကားလမ်းဘေးရှိ စစ်ဘေးရှောင်များ၊ ကျောက်တော်မြို့ရှိ နေပူခံ၊ ကဝိရတနာ စသည့် စစ်ဘေးရှောင်စခန်းများတွင် လူဦးရေ ၁၀၀ တွင် ၂၀ ဦးခန့်မှာ ငှက်ဖျားဖြစ်နေကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။  

“ မိုးရွာလိုက်၊ နေပူလိုက်နဲ့ ပတ်ဝန်းကျင်တွေမသန့်ရှင်းဘဲ ရေဝပ်တော့ ခြင်အများကြီးပေါက်တယ်။ နောက်တစ်ခုက တောတောင်တွေနဲ့လည်းနီးတော့ ငှက်ဖျားဖြစ်ကြတယ်။ ဒီလဆိုရင် ငှက်ဖျားဖြစ်သူအရမ်းများတယ်။ မိသားစုမှာ တစ်ယောက်ဖြစ်ရင် နောက်တစ်ယောက်ကိုလည်း ကူးစက်သွားတယ်” ဟု ကားလမ်းမဘေးတွင် နေထိုင်သူ စစ်ဘေးရှောင် ဦးသန်းလှက ပြောသည်။

ခြင်ထောင်မလုံလောက်ခြင်း၊ ဆေးဝါးရှာမရခြင်း၊ ငွေကြေးအဆင်မပြေခြင်းတို့ကြောင့် ပို၍ဒုက္ခရောက်ရကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ငှက်ဖျားရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိအားနည်းချက်ကြောင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်နေခြင်းဟု နေပူခံစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီလအတွင်း ပြောင်းလာသူတွေ အများကြီးရှိတယ်။ တောတောင်ကိုဖြတ်လာသူတွေ၊ နေမကောင်းဖြစ်ပြီးလာတဲ့ သူတွေလည်း ရှိပါတယ်။ သူတို့ကနေတဆင့် တခြားသူတွေဆီ ကူးစက်သွားတာလည်း ဖြစ်နိုင်တယ်။ တချို့ဆိုရင် ပိုက်ဆံမရှိလို့ ဆေးမသောက်နိုင်ကြဘူး” ဟု ပြောသည်။

မိုးရာသီရောက်တိုင်း ငှက်ဖျားရောဂါဖြစ်ပွားမှု ပုံမှန်ရှိသော်လည်း ယခုနှစ်တွင် ပို၍အဖြစ်များသည်ကိုတွေ့ရပြီး စစ်ဘေးရှောင်များအပြင် ကျေးလက်နေဒေသခံများလည်း ကူးစက်ခံနေရသည်ဟု AA ထိန်းချုပ်တစ်နေရာ၌ ဆေးခန်းဖွင့်ထားသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“ ဒီရာသီကတော့ ပုံမှန်ငှက်ဖျားဖြစ်တဲ့ ကာလပေါ့နော်။ ဒါပေမယ့် အခုနှစ်မှာ ပိုပြီးအဖြစ်များတယ်။ အဓိကတော့ လူနေထူထပ်တာ၊ ကိုယ့်နေရာကိုယ့်ဒေသမှာမနေရဘဲ ဟိုပြောင်းဒီပြောင်းနေရတာကြောင့်လည်း ပါတယ်” ဟု ပြောသည်။

သို့သော်လည်း ဒေသမတည်ငြိမ်မှုနှင့် လေကြောင်းအန္တရာယ်ကြောင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းလုပ်ဆောင်ရန် အခက်အခဲရှိနေကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းက ပြောသည်။

ရခိုင်ဒေသကို စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသဖြင့် လူသုံးကုန်အပြင် ဆေးဝါးများလည်း ပြတ်လပ်နေ၍ ဒေသခံများမှာ ကျန်းမာရေးပြဿနာနှင့် ပတ်သက်ပြီး ဆိုးရွားစွာကြုံတွေ့နေရခြင်း ဖြစ်သည်။

ခြင်ကိုက်ခံရခြင်းမှကူးစက်သည့် ငှက်ဖျားရောဂါဖြစ်ပြီး ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ချွေးထွက်များခြင်း၊ အော့အန်ခြင်း စသည့်လက္ခဏာများပြတတ်ကာ အချိန်မီကုသမှု မခံယူပါက အသက်သေဆုံးသည်အထိ ဖြစ်တတ်သည်။

February 9, 2026
ရခိုင်မြို့သိမ်းတိုက်ပွဲများအတွင်း အာရက္ခတပ်တော် (AA) ထံ လက်လွှတ်ဆုံးရှုံးလိုက်ရသည့်...
February 7, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်အတွင်းရှိ ဘာသာဝင်အသီးသီးသည် မိမိတို့၏...
၂၀၂၃ ခုနှစ် စစ်တွေတက္ကသိုလ်မှ အဝေးသင်ကျောင်းသူ/သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - စစ်တွေ တက္ကသိုလ်
February 6, 2026
လမ်းပန်းဆက်သွယ်ရေး အဘက်ဘက်က ပိတ်ဆို့ခံထားရသည့် ရခိုင်ပြည်တွင် ရခိုင်လူငယ် အများအပြားသည်...
အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းရှိ ခရီးသည် ပို့ဆောင်ရေးကားဂိတ်တစ်ခု။ ဓာတ်ပုံ- Htet Aung -Facebook
February 5, 2026
အာရက္ခတပ်တော်ထံ စစ်ရေးအရ ရှုံးနိမ့်မှုများကို ရင်ဆိုင်နေရသော စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီလ...