ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC)ရဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ငြင်းပယ်

ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC)ရဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ငြင်းပယ်

ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC)ရဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ငြင်းပယ်လိုက်တယ်လို့ ဒီကနေ့ ဇူလိုင်လ ၉ ရက်နေ့ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ  ၂၅ အရ ပါတီဆက်လက်တည်ထောင်ဖို့အတွက် မှတ်ပုံတင်ခွင့်ပေးဖို့ KNCရဲ့ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ စိစစ်ပြန်ကြားချက်တွေအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်ခြင်းမရှိတာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အစည်းအဝေးဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ(ဆ)နဲ့ ငြင်းပယ်လိုက်တယ်လို့ ဖော်ပြထားတာပါ။

ဒါ့အပြင် ပါတီဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ကျန်အဖွဲ့တွေကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိတယ်လို့ တစ်ဆက်တည်းမှာပဲ ရေးသားဖော်ပြထားပါတယ်။

ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC)ဟာ ၁၉၄၉ ခုနှစ်ကတည်းက စတင်တည်ထောင်ထားတဲ့ ပါတီတစ်ခုလည်း ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဆောင်ရွက်ချက်တွေကို ဝေဖန်ရေးသားတတ်တဲ့ ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC)ပါတီရဲ့ ဥက္ကဖြစ်သူ ဒေါက်တာ Mကောန်လကိုလည်း အာဏာသိမ်းပြီးနောက်  ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်နေ့က ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာတော့ လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

ဒေါက်တာ  Mကောန်လဟာ အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်သူ့နိုင်ငံရေး ရှေ့ဆောင်အဖွဲ့ (KPPF) အဖွဲ့ကို ဦးဆောင်တည်ထောင်ခဲ့ပြီး ကချင်ပြည်နယ်အတွင်းက နိုင်ငံရေး ၊ စီးပွားရေး ၊ သယံဇာတအရေးနဲ့  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးပြောကြားလေ့ရှိသူလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ပြန်ဝင်နိုင်ဖို့အတွက် ပါတီအသီးသီးက စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်တဲ့အချိန် ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီ ၄ ခု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတယ်လို့ သိရပါတယ်။

မှတ်ပုံတင်ခဲ့တဲ့ ပါတီတွေကတော့ ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC)၊ လီဆူအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)၊ ဒီမိုကရေစီပါတီသစ်(ကချင်) တို့ဖြစ်ပြီး အဲဒီပါတီတွေဟာ ၂၀၂၃ ခုနှစ် မတ်လအတွင်းက နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်လျှောက်ထားကြတာ ဖြစ်ပါတယ်။

July 2, 2026
အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့တရုတ်ခရီးစဉ်မှာ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့...
June 30, 2026
စိုင်းခေ — ကော်ဖီသောက်ရင် သေဒဏ်ပေးမယ်ဆိုတဲ့ အမိန့်တစ်ခု စာဖတ်သူနေတဲ့ ဒေသမှာ ရှိတယ်ဆိုရင်...
June 29, 2026
ကချင်ပြည်နယ်မှာ စစ်အုပ်စုလုပ်တဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်သူဟာ အယောက် ၆,၀၀၀ ကျော်ရှိတယ်လို့...
June 25, 2026
အာဏာသိမ်းစစ်တပ်နဲ့ သတင်းပေးတာ၊ သတင်းယူတာအပြင် သူလျှို(ဒလန်)တွေ မပြုလုပ်ကြဖို့...