ကျောက်မဲ စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် ဟိုတယ်နှင့် အရပ်သားနေအိမ် ၂၀ လုံးထက်မနည်း မီးလောင်ပျက်စီး

ကျောက်မဲ စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် ဟိုတယ်နှင့် အရပ်သားနေအိမ် ၂၀ လုံးထက်မနည်း မီးလောင်ပျက်စီး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ ညသန်းခေါင်အချိန် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဟိုတယ်နှင့် အရပ်သားနေအိမ် ၂၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇွန်လ ၃၀ ရက်) ည ၁၁ နာရီခွဲခန့်တွင် ကျောက်မဲမြို့ ရပ်ကွက်(၁) ပင်လုံလမ်းမကြီးပေါ်ရှိ One Love ဟိုတယ်အနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဟိုတယ်နှင့် အနီးပတ်ဝန်းကျင်ရှိ အရပ်သားနေအိမ် ၂၀ လုံးထက်မနည်း မီးလောင်ပျက်စီးသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“ ညက ၁၁ နာရီ ၂၅ မိနစ်လောက်မှာ လာချသွားတယ်။ လေယာဉ်ကလည်း အနိမ့်လေးပဲ ပျံပြီးတော့ ခရိုင်စုပေါင်းရုံးကို ချချင်တာနေမှာ။ အဲ့တာ One Love နား ဗုံးမှန်တော့ ညသန်းခေါင် မီးလောင်တာ။ ဘေးအိမ်တွေလည်း ပြိုကျပြီး အိမ်ခေါင်မိုးပွင့်ကြတာ အများကြီး။ မိုးတဖျောက်ဖျောက် ရွာတာတောင် မီးစက တခြားအိမ်ကူးပြီး ရပ်ကွက် ၃ ရေဦးကျောင်းအထိ ရောက်တယ်”ဟု ကျောက်မဲမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်မှ ကျောက်မဲမြို့ပေါ် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် One Love ဟိုတယ်အပြင် အနီးရှိ ပြည်သူနေအိမ် ၂၀ လုံးကျော် မီးလောင်ပျက်စီးကာ အိမ်စောင့်ကျန်ခဲ့သည့် အမျိုးသား (၃) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း ကျောက်မဲဒေသခံများထံမှ ကနဦး သိရှိရသည်။

ယခု လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရသည့် One Love ဟိုတယ်အနီးတွင် TNLA တပ်ဖွဲ့မှ ထိန်းချုပ်ထားသည့် ခရိုင်စုပေါင်းရုံးနှင့် မီးသတ်စခန်းတို့ တည်ရှိပြီး အချိန်မရွေး ထပ်မံတိုက်ခိုက်ခံရနိုင်ကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

ယနေ့ (ဇူလိုင်လ ၁ ရက်) နံနက် ၅ နာရီခန့်မှ စတင်၍ ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ်၏ လက်ကျန်တပ်စခန်းဖြစ်သည့် စကခ-၁၊ ခမရ-၅၀၁/၅၀၂ တပ်ရင်းတို့ကို TNLA တပ်ဖွဲ့က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

February 10, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း တကြောတွင် တိမ်းရှောင်နေရသည့်...
February 9, 2026
စိုင်းဟန်လင်း — ခေတ်သစ်ဗမာ့ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အတိတ်က...
February 7, 2026
သျှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း...
February 6, 2026
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဝမ်စယ်ကျေးရွာသား (၉) ဦးကို...