အမ်းမြို့အနီး မဲတောင်တောင်ကြောတစ်လျှောက် တိုက်ပွဲပြင်းထန်နေ

အမ်းမြို့အနီး မဲတောင်တောင်ကြောတစ်လျှောက် တိုက်ပွဲပြင်းထန်နေ

ရခိုင်ပြည်၊ အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လက်အောက်ခံ တပ်ဖွဲ့များ နေရာယူထားသည့်  မဲတောင်တောင်ကြော တစ်လျှောက်ကို အာရက္ခတပ်တော်မှ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေ၍ နှစ်ဖက်အပြန်အလှန် တိုက်ပွဲများဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

အမ်းမြို့နယ်၊ တောဟိန်းတောင်ဗျူဟာကုန်းမှ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများကို အာရက္ခတပ်တော်မှ လိုက်လံရှင်းလင်းနေရာမှ  တိုက်ပွဲမှာ မဲတောင် တောင်ကြောသို့ထိ  ရောက်ရှိ လာခဲ့သည်ဟု  အမ်းဒေသခံ စစ်ရေး သတင်းအရင်းအမြစ် တစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ အခုလက်ရှိကတော့ မဲတောင်တောင်ကြောတစ်လျှောက်မှာ အပြန်အလှန်တိုက်ပွဲဖြစ်နေတယ်။ တောဟိန်းတောင်က ထွက်ပြေးတဲ့အကောင်တွေကို ကိုယ့်ဖက်စစ်ကြောင်းက လိုက်လံရှင်းလင်းတော့ သူတို့က မဲတောင်ကိုထွက်ပြေးကြတယ်။ အဲ့ဒီတော့ မဲတောင်မှာရှိနေတဲ့ စစ်သားတွေနဲ့ ထွက်ပြေးသွားတဲ့ စစ်သားတွေ ပူးပေါင်းပြီး အာရက္ခတပ်တော်ထိုးစစ်ကို ပြန်ခုခံတိုက်နေတယ်။ ဒါကြောင့် တိုက်ပွဲတွေက ဖြစ်နေတယ်” ဟုပြောသည်။

အမ်းမြို့ လေကြောင်းကာကွယ်ရေးတပ်တွင် အထိုင်ချထားသည့် စစ်ကောင်စီ၏ စခန်းမှလည်း တိုက်ပွဲ ဖြစ်ပွားနေသည့် နေရာနှင့် ကျေးရွာအနီးတဝိုက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ကို ကြားနေရသည်ဟု အမ်း‌ဒေသခံအမျိုးသမီးတစ်ဦးက နိရဥ္စရာ သတင်းဌာနကိုပြောသည်။

“ လက်နက်ကြီးအသံတွေတော့ကြားနေရတယ်။ ဘယ်ရွာတွေကို လက်နက်ကြီးကျည်ကျတယ်ဆိုတာ မသိရဘူး။ ဆက်သွယ်မှုတွေလည်း ပြတ်တောက်နေတယ်” ဟုပြောသည်။

တောဟိန်းတောင်ကျသွားပြီးနောက် အမ်းမြို့ပေါ်ကို အာရက္ခတပ်တော်မှ အလွယ်တကူ ဝင်ရောက် ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်သဖြင့်  အမ်းမြို့ပေါ်တွင် စစ်ကောင်စီက အင်အားတိုးချဲ့ပြီး အကာအကွယ်များ အခိုင်အမာ ပြုလုပ်ထားကြောင်း သိရသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် မဲတောင်တွင် စစ်ကောင်စီမှ ကာကင်းစခန်း အများအပြား တည်ဆောက်ထားပြီး အင်အားအလုံးအရင်းတိုးချဲ့ချထားသည့် တောင်ကြောတစ်ခု ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

April 25, 2026
ကျော်သီဟ — ရခိုင်ပြည်ရှိ စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းက လေးလအတွင်း စစ်ဘေးရှောင်နှင့်...
April 24, 2026
ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ဖက်ကို ကမ်းကပ်ရန်ချဉ်းကပ်ခဲ့သည့် ...
ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...