မောင်တောက ရိက္ခာသိုလှောင်ရုံ မီးရှို့ခံရမှု WFP ရှုတ်ချ

မောင်တောက ရိက္ခာသိုလှောင်ရုံ မီးရှို့ခံရမှု WFP ရှုတ်ချ

ရခိုင်ပြည်၊ မောင်တောမြို့ရှိ ရိက္ခာသိုလှောင်ရုံအား ဖောက်ထွင်းလုယက်ခြင်းနှင့် မီးရှို့ခြင်းလုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်(WFP)က ယနေ့ ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

WFP သိုလှောင်ရုံမှ စားနပ်ရိက္ခာများမှာ ဇွန် ၂၁ ရက်က ဖောက်ထွင်းခံရပြီးနောက် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ အဆိုပါ ရိက္ခာသိုလှောင်ရုံတွင် လူဦးရေ ၆၄,၀၀၀ အတွက် တစ်လစာဖူလုံစေမည့် အရေးပေါ်ကယ်ဆယ်ရေး ရိက္ခာ စုစုပေါင်း ၁,၁၇၅ မက်ထရစ်တန်ကို သိုလှောင်ထားကြောင်း သိရသည်။

“မောင်တောမြို့ရှိ စားနပ်ရိက္ခာနှင့် အခြားကုန်ပစ္စည်းများကို လုယူခြင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အဆောက်အအုံများကို ဖျက်ဆီးခြင်းသည် WFP ၏ ကူညီထောက်ပံ့ရေး ကြိုးပမ်းမှုများကို ထိခိုက်ပျက်ယွင်းစေသည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေသည့် အဖွဲ့များအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေပါ တာဝန်ဝတ္တရာများကို လိုက်နာကြရန်နှင့် ယခုကဲ့သို့ လုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန် WFP က တောင်းဆိုသည်။

ယင်းအပြင် လူသားချင်းစာနာမှု အထောက်အပံ့ပစ္စည်းများနှင့် အဆောက်အအုံများကို ကာကွယ်စောင့်ရှောက်ရန်၊ အကူအညီလိုအပ်နေသူများထံ ဘေးကင်းလုံခြုံစွာဖြင့် အရေးပေါ်အကူအညီများ သွားရောက်ပေးအပ်ခွင့် ရနိုင်စေရန် လုပ်ဆောင်ရမည်ဟု WFP က တိုက်တွန်းထားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို WFP က ဆက်လက်စုံစမ်းသွားမည်ဟု ဆိုထားသည်။

လက်ရှိ မောင်တောမြို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက မြို့အတွင်း နေရာအနှံ့အပြား၌ နေရာယူကာ ခံစစ်အနေဖြင့် အပြင်းအထန်ခုံနေသည်။

မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသော AA ၏ ထုတ်ပြန်ချက်တွင် - ဇွန်လ ၂၁ ရက်နေ့၊ ညနေ (၅) နာရီအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် အပေါင်းအပါများက မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ WFP ဂိုဒေါင်များနှင့် လူနေအိမ်တချို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းဂိုဒေါင်များမှ ဘိလပ်မြေဟုယူဆရသော အထုပ်များကိုယူကာ ခရိုင်ကျေးလက်ရုံး၌ ခံစစ်ပြင်ဆင်နေကြသည်ဟု ဆိုသည်။

“မောင်တောတိုက်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီက နိုင်ငံတကာအဖွဲ့အစည်း၊ လူသားချင်းစာနာမှုအဖွဲ့အစည်း ဆိုပြီး စည်းမထားတော့ဘဲ အဖျက်လုပ်ငန်းတွေကို လုပ်ဆောင်နေတာဖြစ်တယ်” ဟု လူမှုကူညီရေးလုပ်နေသူ ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

WFP သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်ပြီး ပဋိပက္ခအတွင်း လူသားချင်းစာနာမှုအကူညီပေးခြင်း၊ သဘာဝဘေးအန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို လုပ် ဆောင်ပေးလျက်ရှိသည်။

WFP သည် မြန်မာနိုင်ငံအနှံ့အပြားရှိ ပဋိပက္ခဒဏ်ခံစားနေရသူများအား အရေးပေါ်ကယ်ဆယ်ရေး စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးလျက်ရှိရာ ယခုနှစ်တွင် လူဦးရေ ၁ သန်းနီးပါးခန့်အား ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...