စစ်တွေဒေသခံ ၂၀၀ ခန့်ကို စစ်ကောင်စီဖမ်းဆီး၊ အတင်းရွှေ့ပြောင်းခံရသူများလည်း ပါသွား

စစ်တွေဒေသခံ ၂၀၀ ခန့်ကို စစ်ကောင်စီဖမ်းဆီး၊ အတင်းရွှေ့ပြောင်းခံရသူများလည်း ပါသွား

ရခိုင်ပြည်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ ဒေသခံ ၂၀၀ ခန့်ကို ဇွန် ၁၆ ရက်တွင် စစ်ကောင်စီက ဖမ်းဆီးသွားပြီး မိသားစုဝင်များနှင့် အဆက်သွယ်ပြတ်နေကြောင်း ဒေသခံများက ပြောသည်။

ဇွန် ၁၆ ရက်၊ မွန်းလွဲ ၁ နာရီခန့်အချိန် မင်းဂံရပ်ကွက်ရှိ အကွက် ၅၊ ၈၊ ၉၊ ၁၀ တို့ကို စစ်ကား ၁၀ စီးဖြင့် ဝင်ရောက်လာပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် ဖမ်းဆီးသွားကြောင်း မျက်မြင်များက ပြောသည်။

ဖမ်းဆီးခံ မိသားစုဝင် အမျိုးသမီးတစ်ဦးက “ညနေ ၄ နာရီအထိ ဝင်ဖမ်းပါတယ်။ အကြောင်းပြချက်မရှိဘဲ နေအိမ်ထဲဝင်ဖမ်းတာ။ တချို့ကိုဆိုရင် မျက်နှာအုပ်ပြီးတော့ ခေါ်သွားတာ။ ဘယ်ကို ခေါ်သွားမှန်းလည်း မသိရဘူး။ ဆက်သွယ်မရဖြစ်နေတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသူများမှာ အသက် ၁၅ နှစ်မှ ၅၀ ကျော်အရွယ် အမျိုးသား၊ အမျိုးသမီးများဖြစ်ပြီး စစ်ကောင်စီ၏ အဓမ္မပြောင်းရွှေ့မှုကြောင့် မင်းဂံရပ်ကွက်တွင် ခိုလှုံနေကြသည့် ရေချမ်းပြင်၊ အောင်တိုင်၊ ပလ္လင်ပြင်၊ အုန်းရေဖော်၊ ကျက်တောပြင် စသည့်ကျေးရွာသားများလည်း ပါသွားကြောင်း သိရသည်။

၎င်းတို့အား မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို မသိရသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

ဖမ်းဆီးခံတစ်ချို့မှာ ယင်းနေ့ညနေပိုင်းက - မြို့အနောက်ဘက်ရှိ ဓားပိုင်မွတ်ဆလင်ရွာသို့ ရောက်ရှိနေကြောင်း၊ တစ်ဦးကို ငွေကျပ် ၇ သိန်းဖြင့်လာထုတ်မှ လွှတ်ပေးမည်ဟုပြောကြောင်း မိသားစုဝင်များထံ ဖုန်းဆက်ခဲ့သည်။

“လူတစ်ယောက်ကို ပိုက်ဆံ ၇ သိန်းနဲ့ လာယူပါလို့ ဖုန်းနဲ့အကြောင်းကြားလာတယ်။ အဲဒီနောက်ပိုင်း အဲဒီဖုန်းလည်း လုံးဝ အဆက်အသွယ်မရတော့တာပါ” ဟု ယင်းဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောသည်။

ယင်းအပြင် ဇွန် ၁၆ ရက် ညအချိန်တွင်လည်း စစ်ကောင်စီသည် ဧည့်စာရင်းအကြောင်းပြပြီး မင်းဂံဒေသခံတချို့ကို ထပ်မံဖမ်းဆီးသွားခဲ့သည်။

“ည ၉ နာရီလောက်မှာလည်း လာဖမ်းသွားတယ်။ ကျနော့်အသိတွေလည်း ပါသွားတယ်။ ဘယ်ကိုခေါ်သွားလဲတော့ မသိရပါ” ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။

စစ်တွေဒေသခံအများစုမှာ မြို့တွင်းတိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်ချက်ဖြင့် မြို့ကိုစွန့်ခွာ ထွက်ပြေးနေမှုများ ရှိသည်။ သို့သော်လည်း အခြေခံလူတန်းစားများမှာ စစ်ကောင်စီ၏ လမ်းပိတ်ဆို့ထားမှု၊ ငွေကြေးမတတ်နိုင်မှုနှင့် အကြောင်းအမျိုးမျိုးကြောင့် မြို့မှထွက်ခွာရန် အခက်အခဲရှိနေကြသည်။

လက်ရှိတွင် စစ်ကောင်စီက ဖမ်းဆီးမှုမြင့်တက်နေ၍ စစ်တွေဒေသခံများမှာ စိုးရိမ်မှု မြင့်တက်နေကြသည်။

မြို့တွင်းနေထိုင်သူတစ်ဦးက “မတတ်သာလို့သာ နေနေရတာ။ နောက်ကျောမလုံဘူး။ ဘယ်အချိန်လာဖမ်းမလဲ စိတ်ပူနေရတယ်။ မိသားစုဝမ်းရေးဖြေရှင်းဖို့ ပိုက်ဆံမရှိလို့ တွေးပူရ၊ သူတို့လာဖမ်းမှာကိုလည်း တွေးပူရ။ အဲဒီလို ပူပင်သောကတွေနဲ့ နေနေရတာပါ” ဟု ပြောသည်။

စစ်ကောင်စီသည် မေလ ၂၉ ရက်ကလည်း စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူရွာမှ ဒေသခံ ၃၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၇၆ ဦးကို သတ်ဖြတ်၊ အလောင်းဖျောက်ခဲ့ကာ တစ်ချို့ကိုလည်း တရားစွဲထားသည်။

May 16, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းမှ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်နှင့် AA...
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်မှ စစ်တပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
May 15, 2026
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ် ကလေးကျေးရွာအတွင်း အထိုင်ချထားသည့် စစ်တပ် စခန်းကို AA...
AA တပ်ဖွဲ့ဝင်များအား မောင်တောနယ်စပ်တစ်နရာတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက တွေ့ရစဉ်။
May 14, 2026
ဘင်္ဂလားဒေ့ရှ် - ရခိုင် နယ်နိမိတ်ချင်းထိစပ်နေသည့် မောင်တောနယ်စပ်ဒေသ လုံခြုံရေးကို အာရက္ခတပ်တော်...
May 13, 2026
ရခိုင်ပြည် အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ...