အိန္ဒိယ - ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်

အိန္ဒိယ - ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှ ပလက်ဝမြို့နယ်သို့ ကုန်ပစ္စည်းများတင်သွင်းနေသော လမ်းကြောင်းကို ဇွန်လ ၁၂ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း မီဇိုရမ်အရပ်ဖက်အဖွဲ့အစည်း တစ်ခုဖြစ်သည့် Central Young Lai Association(CYLA)က ဇွန်လ ၁၁ ရက်တွင် ထုတ်ပြန်သည်။

နယ်စပ်ဒေသ လုံခြုံရေးအခြေအနေကြောင့် အဆိုပါကုန်သွယ်ရေးလမ်းကြောင်းကို မေလ ၂၅ ရက်မှ၍ အိန္ဒိယက ရက်အကန့်အသတ်မရှိ ပိတ်ပင်ခဲ့သည်။

ယင်းနောက် CYLA အဖွဲ့နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးပြီးနောက် နှစ်ပတ်အကြာတွင် ပြန်လည်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။

“အခုချိန်မှာတော့ လမ်းကြောင်းတွေလည်း တည်ငြိမ်လာပြီဖြစ်သလို ULA တာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးမှု အဆင်ပြေတာကြောင် ဇွန်လ ၁၂ ရက်နေ့ ညနေ ၆ နာရီကစပြီး ကားအဝင်အထွက် ပြန်လုပ်ခွင့်ပေးမယ်” ဟု CYLA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက် ရခိုင်တိုက်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီက ရခိုင်ဒေသကို ကုန်းလမ်း၊ ရေလမ်းများ ပိတ်ဆို့ထားသဖြင့် အခြေခံစားကုန်အပြင် ဆေးဝါးများပါ ပြတ်လပ်နေသည်။

ထို့ကြောင့် ရခိုင်ဒေသအတွက် လိုအပ်သော စားသောက်ကုန်နှင့် ကုန်ပစ္စည်းများကို ပလက်ဝမှတစ်ဆင့် တင်သွင်းနေသည့် အိန္ဒိယကုန်စည်များကို အဓိက အားထားနေကြရသည်။

အဆိုပါလမ်းကြောင်းကို အိန္ဒိယက ပိတ်ပင်လိုက်သည့်အခါ ရခိုင်ဒေသအတွင်း ကုန်ပစ္စည်းပြတ်လပ်ကာ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ရင်ဆိုင်နေကြရသည်။

“အိန္ဒိယဖက်က ကုန်စည်တွေကို ပြန်ပြီးစီးဆင်းခွင့်ရတယ်ဆိုတော့ ရခိုင်ပြည်အတွက် ကုန်စည်းစီးဆင်းမှုနဲ့ စားနပ်ရိက္ခာဖုံလှုံရေးမှာ တော်တော်လေးကို အထောက်အကူဖြစ်နိုင်တယ်” ဟု ကျောက်တော်မြို့နယ်မှ ကုန်သည်တစ်ဦးက ပြောသည်။

ရခိုင်တိုက်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီက ဖြတ်လေးဖြတ်စစ်ရေးဗျူဟာကို ကျင့်သုံးနေ၍ ဒေသခံများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများစွာ ဖြစ်ပေါ်နေကြရသည်။

July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...
July 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး...
July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...
July 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က...