မောင်တောတောင်ပိုင်း နယ်ခြားစောင့်စခန်း (၂) ခုကို AA သိမ်းပိုက်၊ အင်းဒင် နခခကို ထိုးစစ်ဆင်

မောင်တောတောင်ပိုင်း နယ်ခြားစောင့်စခန်း (၂) ခုကို AA သိမ်းပိုက်၊ အင်းဒင် နခခကို ထိုးစစ်ဆင်

ရခိုင်ပြည်၊ မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္ဒူကျေးရွာအနီးရှိ စစ်ကောင်စီ နယ်ခြားစောင့်စခန်း (၂) ခုကို AA က တိုက်ခိုက်သိမ်းပိုက်ထားပြီး အင်းဒင် နခခ(၆) တပ်ရင်းကိုလည်း ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။

အငူမော် - မောင်တော ကားလမ်းအနီးရှိ နယ်ခြားစောင့်စခန်း (၂) ခုကို ဇွန်လ ၂ ရက်၊ နံနက် ၅ နာရီကျော်တွင် AA က အလုံးစုံ သိမ်းပိုက်ရရှိထားခြင်းဖြစ်သည်။

“ကျောက်ပန္ဒူက အထိုင်စခန်းနှစ်ခုကို သိမ်းလိုက်ပြီ။ ထပ်ပြီး အင်းဒင်(နခခ ၆)ကိုရဖို့ အေအေက တိုက်နေတယ်။ အဲဒီမှာ စစ်တွေကနေ အင်းဒင်စခန်းအနီးကို လက်နက်ကြီး လှမ်းပြီး ပစ်ကူပေးနေတယ်။ အင်းဒင်တပ်ရင်းက မောင်တောတောင်ပိုင်းမှာဆိုရင် အရေးပါတဲ့စခန်းထဲက တစ်ခုပဲ” ဟု ခိုင်လုံသည့်သတင်းရင်းမြစ်တစ်ဦးက နေ့လယ် ၄ နာရီအချိန်တွင် DMG ကို ပြောသည်။

စစ်ကောင်စီသည် အင်းဒင်နယ်ခြားစောင့်တပ်ရင်း မကျဆုံးရေးအတွက် လေကြောင်းအပါအဝင် မောင်တောမြို့ပေါ် တပ်စခန်းများနှင့် စစ်တွေမြို့ရှိ တပ်စခန်းများမှ လက်နက်ကြီးပစ်ကူများ ပေးလျက်ရှိကြောင်း သိရသည်။

ဆိုင်ကလုန်းမုန်တိုင်းနှင့် မိုးကြီးမှုများကြောင့် နယ်စပ်ဒေသက မောင်တောတိုက်ပွဲများသည် တစ်ပတ်နီးပါးကြာ ရပ်တန့်နေခဲ့ရာမှ ယခုအခါ ပြန်လည်စတင်လာခြင်းဖြစ်သည်။

တိုက်ပွဲများရပ်နားနေချိန် စစ်ကောင်စီက အင်အားအလုံးအရင်းဖြည့်တင်းကာ AA ကို တန်ပြန် ထိုးစစ်ဆင်မှုများ ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

“အခု စစ်ကောင်စီက ထိုးစစ်ဆင်တိုက်နေတာရှိတယ်။ ပြီးတော့ ခံစစ်ကိုလည်း အခိုင်အမာ လုပ်ထားတာ ရှိတယ်။ စစ်ကောင်စီက အင်အားဖြည့်တဲ့အထဲမှာပါတဲ့ စနိုက်ပါသမားတွေက မြို့ထဲက အထပ်မြင့်တိုက်အိမ်ကြီးတွေမှာ နေရာအပြည့်ယူထားတယ်” ဟု မောင်တောမြို့ခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိ မောင်တောမြို့ထဲတွင် စစ်ကောင်စီ၏ စနိုက်ပါတိုက်ခိုက်ရေးသမား ၃၀၀ ခန့်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်သင်တန်းဆင်း မွတ်ဆလင် စုစုပေါင်း ၄,၀၀၀ ခန့် နေရာအသင့်ယူထားကြောင်း မြို့ခံများကပြောသည်။

“မောင်တောမှာ ဒီရက်ပိုင်း အေအေဘက်က တိုက်ပွဲကို ဒရုန်းနဲ့တိုက်တာ။ စစ်ကောင်စီကလည်း တမြို့လုံးမှာ ဖြန့်ကြဲနေရာယူထားတယ်။ မောင်တောမြို့ကို အေအေက မသိမ်းနိုင်သေးတာဟာ မွတ်ဆလင်တွေနဲ့ စစ်ကောင်စီ ပေါင်းတိုက်နေတာကြောင့် ကြန့်ကြာမှုတချို့ရှိနေတယ်လို့ ယူဆရတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေသူ မြို့ခံတစ်ဦးက ပြောသည်။

ယင်းအပြင် မောင်တောမြို့တွင် စစ်ကောင်စီနှင့် အပေါင်းပါများသည် လူမရှိသောနေအိမ်များကို ဖောက်ထွင်းကာ တန်ဖိုးရှိပစ္စည်းများအား ခိုးယူနေကြောင်း ဒေသခံများထံမှ သိရသည်။

နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်းများရှိသော မောင်တောဒေသသည် စစ်ကောင်စီအတွက် ပုံမှန်ဝင်ငွေရရှိသည့် နေရာလည်းဖြစ်သည်။ ထို့ကြောင့် မောင်တောကို စစ်ကောင်စီက အလွယ်တကူ လက်လွတ်ပေးမည် မဟုတ်ဘဲ တတ်နိုင်သလောက် ခုခံမည်ဟု သုံးသပ်နေကြသည်။

“အဓိက နယ်စပ်ကုန်သွယ်ရေးမြို့တော်ဖြစ်လို့ စစ်ကောင်စီက လွယ်လွယ်နဲ့အဆုံးရှုံးမခံနိုင်ဘူး ဖြစ်နေတာ။ နယ်စပ်ကုန်သွယ်ရေးက ဝင်လာတဲ့ငွေကလည်း နည်းတာမှမဟုတ်တာ။ ဒီမြို့ကျဆုံးသွားရင် စစ်ကောင်စီအတွက် စီးပွားရေးဆုံးရှုံးမှုတစ်ခုတင်မကဘဲ နိုင်ငံတကာမှာလည်း အရှက်ရစေမယ်” ဟု လူမှုရေးတက်ကြွလှုပ်ရှားသူ ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

မောင်တောမြို့နယ်တွင် မြို့သူကြီး နခခ (၅) ရဲတပ်ရင်း၊ အလယ်သံကျော်ရဲစခန်း၊ အင်းဒင် နခခ (၆)၊ မြင်းလွတ် နခခ(၉)၊ မောရဝတီဗျူဟာကုန်းအပါဝင် အခြားတပ်စခန်းကြီး/ငယ် (၁၀) ခုထက်မနည်း ကျန်ရှိနေသေးကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...