စစ်ရေးပြင်းထန်နေသည့် ရခိုင်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်ရန် စစ်ကောင်စီက စီစဉ်နေ

စစ်ရေးပြင်းထန်နေသည့် ရခိုင်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်ရန် စစ်ကောင်စီက စီစဉ်နေ

စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ စစ်ရေးပြင်းထန်နေသည့် ရခိုင်ဒေသတွင် လာမည့်ဇွန်လအတွင်း အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်ရန်အတွက် စစ်ကောင်စီက စီစဉ်နေကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။

မကြာမီ ကျောင်းအပ်လက်ခံရတော့မည်ဖြစ်၍ စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော် စသည့်မြို့နယ်များမှ ပညာရေးဝန်ထမ်းများအနေဖြင့် ယခုလ ၂၅ ရက်ကိုနောက်ဆုံးပြီး သက်ဆိုင်ရာကျောင်းများသို့ အရောက်လာကြရန် ပြည်နယ်ပညာရေးမှူးရုံးမှတစ်ဆင့် ညွှန့်ကြားထားကြောင်း သိရသည်။

“နယ်က ဆရာ၊ ဆရာမတွေဆိုရင် ရောက်တဲ့နေရာက ကျောင်းတွေမှာ တွဲလုပ်ရမယ်။ မြို့ပေါ်က ဆရာ/မတွေဆိုရင် ဒီလနောက်ဆုံးပတ်အတွင်း အရောက်လာရမယ်လို့ ညွှန်ကြားထားပါတယ်” ဟု စစ်တွေမြို့မှ အထက်တန်းပြ ဆရာမတစ်ဦးက ပြောသည်။

ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ရမ်းဗြဲ မြို့နယ်များမှ ဆရာ၊ ဆရာမများကို ခရိုင်အလိုက်သော်လည်းကောင်း၊ မြို့နယ်အလိုက်သော်လည်းကောင်း နီးစပ်ရာကျောင်းများ၌ တာဝန်ထမ်းဆောင်ရန် ညွှန်ကြားထားသည်။

သတ်မှတ်ကာလအတွင်း မရောက်ရှိလျှင် အလုပ်မှရပ်စဲပြီး လစာခံစားခွင့်ကိုလည်း ဖြတ်တောက်သွားမည်ဟု စစ်ကောင်စီက ဖိအားပေးခြိမ်းခြောက်ထားကြောင်း ပညာရေးအသိုင်းအဝိုင်းက ပြောသည်။

“ကျောင်းအပ်ဖို့ ကျောင်းသားတွေ တစ်ယောက်မှမရောက်ရင်တောင် ဆရာ/မတွေ ကျောင်းမှာသွားပြီး နေရမယ်။ ကျောင်းအပ်လက်ခံဖို့ နေ့တိုင်းစောင့်နေရမယ်။ အခုလို တစ်ပြည်လုံး မအေးမချမ်းဖြစ်နေတဲ့ အခြေအနေမှာ ဖိအားပေးခေါ်နေတာက ကျမတို့ပညာရေးဝန်ထမ်းတွေအတွက် ရွေးချယ်စရာမရှိဖြစ်နေရပါတယ်” ဟု ရမ်းဗြဲမြို့မှ အလယ်တန်းပြ ဆရာမတစ်ဦးက ပြောသည်။

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက် အထိ ကျောင်းအပ်လက်ခံသွားမည်ဟု သိရသည်။

ရခိုင်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစ၍ စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် မြို့ပေါ်နှင့် ကျေးလက်ဒေသက ပညာရေးဝန်ထမ်းများမှာ ဘေးလွတ်ရာနေရာများတွင် တိမ်းရှောင်လျက်ရှိသည်။

စစ်တွေမြို့မှ တိမ်းရှောင်နေသူ အလယ်တန်းပြဆရာမတစ်ဦးက “တာဝန်ထမ်းဆောင်ဖို့သွားရင် သူတို့ဘက်က ဘယ်လိုတာဝန်ယူပေးမလဲ။ ဒီကာလမှာ အသက်အန္တရာယ်အတွက် အများကြီးစိုးရိမ်ရတယ်။ သူတို့ရှိတဲ့နေရာ သွားလိုက်ရင် ဓားစာခံဖြစ်သွားမလားကိုလည်း စိုးရိမ်နေရတယ်။ ဆိုတော့ ဝန်ထမ်းတွေမှာ အလုပ်နားမလား၊ သွားမလားဆိုတဲ့ အခြေနေဖြစ်နေပါတယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ ဖိအားပေးခြိမ်းခြောက်မှုကြောင့် စစ်ဘေးတိမ်းရှောင်နေသော ပညာရေးဝန်ထမ်းတချို့မှာ တာဝန်ထမ်းဆောင်ရမည့်နေရာသို့ လာရောက်မှုများရှိနေကြောင်း သိရသည်။

ရခိုင်ပြည်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်ရန်နှင့် ပညာရေးဝန်ထမ်းများအား တာဝန်ထမ်းဆောင်ရန် ခေါ်ယူနေမှုနှင့်ပတ်သက်၍ ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်ကို DMG က ဖုန်းဆက်သွယ်ခဲ့သော်လည်း အဆက်သွယ် မရရှိခဲ့ပေ။

စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ ရခိုင်ဒေသအတွင်း တိုက်ပွဲဖြစ်ပွားနေသည်မှာ ၆ လနီးပါးရှိလာပြီး ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံနှင့် ရမ်းဗြဲမြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားကာ မောင်တောခရိုင်၊ အမ်းနှင့် သံတွဲမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်နေသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...