စနဲမြို့ ဈေးကို စစ်ကောင်စီဗုံးကြဲမှုကြောင့် အရပ်သား ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

စနဲမြို့ ဈေးကို စစ်ကောင်စီဗုံးကြဲမှုကြောင့် အရပ်သား ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ရှိ စျေးတန်းကို ယနေ့ မေလ ၈ ရက်၊ နံနက် ၇ နာရီခွဲခန့်တွင် စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲမှုကြောင့် ဒေသခံအမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

သေဆုံးသွားသူမှာ ရွှေဟင်္သာရပ်ကွက်မှ ဒေါ်မျိူးသန္တာဝင်း (၂၈) နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသွားသူများမှာ တောင်ငူစုရပ်ကွက်မှ ဦးထွန်းထွန်း (၃၄)နှစ်၊ ကန်ပြင်စုရပ်ကွက်မှ ဒေါ်ကလောင်မေ (၄၂) နှစ်နှင့် အဝတောင်ကျေးရွာမှ ဦးသန်းမောင်ချေ (၃၄) နှစ်တို့ ဖြစ်သည်။

“ သေဆုံးသွားတဲ့အမျိုးသမီးက အဲဒီဈေးနားမှာ လက်ဖက်ရည်ဆိုင်ဖွင့်ထားတာ။ ဒဏ်ရာရသွားတဲ့သူတွေကလည်း အဲဒီနားမှာပဲ စျေးဝယ်နေကြတာပါ။ ဗုံးက အဲဒီစျေးတည့်တည့်ကို ကျတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသွားသူများမှာ ဆေးကုသမှုခံယူနေရပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ယနေ့ နံနက် ၇ နာရီခွဲခန့်မှစကာ နံနက် ၉ နာရီခန့်အထိ စနဲမြို့ဈေးအပါအဝင် ဈေးအနီးတစ်ဝိုက်ကို စစ်ကောင်စီက ဒရုန်းဖြင့် ၈ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ‌ဈေးအတွင်းရှိ ‌ဈေးဆိုင်ခန်း ၇ ခန်းထက်မနည်း မီးလောင်ကျွမ်းခဲ့ရပြီး ကုန်ပစ္စည်းအများအပြားလည်း ပျက်စီးဆုံးရှုံးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ ဗုံးသီးကျတော့ ဈေးသူဈေးသားတွေက ကြောက်လန့်တကြားနဲ့ ချက်ချင်းထပြေးကြရတာ။ မီးလောင်တဲ့အထဲမှာ စားသောက်ကုန်တွေ အပါအဝင် လူသုံးကုန်တွေပါ မနည်းပါသွားတယ်။ ဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးဘူး” ဟု သူကပြောသည်။

ဧပြီလအစောပိုင်းမှစတင်ပြီး စနဲမြို့နှင့် အနီးတစ်ဝိုက်ကျေးရွာများကို စစ်ကောင်စီက  လက်နက်ကြီး၊ ရေကြောင်း၊ လေကြောင်း၊ ဒရုန်းများဖြင့် မကြာခဏ ပစ်ခတ်နေ၍ စိုးရိမ်ကြောက်လန့်နေရသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်ကလည်း စနဲမြို့အနီးရှိ သစ်ကတိုးကျေးရွာနှင့် လေးပုံကျောက်ကျေးရွာကို  စစ်ကောင်စီ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သော‌ကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ရခိုင်ဒေသတွင် စစ်ရေးအရရှုံးနိမ့်နေသော စစ်ကောင်စီသည် လက်နက်ကြီး၊ လေကြောင်း၊ ရေကြောင်း၊ ဒရုန်းများကိုအသုံးပြု၍ အရပ်သားနေထိုင်ရာ မြို့/ရွာများကို ပစ်ခတ်မှတ်ထားတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်နေ၍ အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်နေသည်။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...