တောဖျားချောင်းဒေသတွင် ဆေးဝါးပြတ်လပ်၍ သေဆုံးသူရှိလာ

တောဖျားချောင်းဒေသတွင် ဆေးဝါးပြတ်လပ်၍ သေဆုံးသူရှိလာ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသရှိ ကျေးရွာများတွင် ငှက်ဖျားရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနေပြီး ဆေးဝါးရှားပါးသဖြင့် အချိန်မှီဆေးမကုသနိုင်ဘဲ အသက်သေဆုံးသူများလည်း ရှိနေသည်။

တောဖျားချောင်းဒေသရှိ ဆင်သည်၊ ဂန့်ဂါ(ခမီ)၊ ဂန့်ဂါ(ရခိုင်)၊ ဆင်သီဖျား၊ တွင်းဆင်သည်၊ ဩရမ၊ လွန်ပူ၊ ဒိပ္ပ၊ သလူချောင်း၊ ခွေးသေ၊ ဖားကြွယ်၊ ကြက်ချေ၊ ဂြစ်ချောင်း၊ မူးပြင်နှင့် ဆင်ဂေါင်း စသည့် ကျေးရွာများတွင် ငှက်ဖျားရောဂါနှင့် ဝမ်းရောဂါများ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

သောက်သုံးရေရှားပါးမှုကြောင့် အင်းအိုင်နှင့် မြောင်များတွင် လက်ယက်တွင်းများပြုလုပ်ကာ အသုံးပြုနေရသဖြင့် ဝမ်းရောဂါအဖြစ်များနေကြောင်း ဒေသခံများက ပြောသည်။

“ သစ်ရွက်ခြောက်တွေကြွေကျပြီး ပုပ်နေတဲ့မြောင်ရေတွေကို သောက်နေရတော့ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ ပိုပြီး ဝမ်းနေမကောင်းဖြစ်ကြတယ်။ ဆေးဝါးကလည်း အစုံအလင်မရှိဘူး” ဟု ဆင်သည်ကျေးရွာသားတစ်ဦးက ပြောသည်။

တောဖျားချောင်းဒေသရှိ ပိုးရွှီပြင်မဟာမိတ်လူမှုကူညီရေးအသင်းက ကောက်ယူထားသောစာရင်းအရ‌ ဧပြီလအတွင်း ငှက်ဖျားရောဂါဖြစ်သူဦးရေ ၁၀ ကျော်ရှိပြီး ယင်းအထဲမှ ဒိပ္ပကျေးရွာသားတစ်ဦးမှာ ဆေးဝါးရှားပါးမှုကြောင့် အသက်သေဆုံးသွားခဲ့ရသည်။

တောဖျားချောင်းအထက်ပိုင်းတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိပြီး ဒေသခံများမှာ ကျန်းမာရေးမကောင်းလျှင် ပိုးရွှီပြင်တိုက်နယ်ဆေးရုံသို့ သွားရသည်။ လက်ရှိတွင် အဆိုပါဆေးရုံ၌လည်း ဆေးဝါးများပြတ်လပ်နေသည်။

“ဆေးဝါးတွေအပြင် ဓာတ်ဆားထုပ်ကအစ အကုန်လုံးပြတ်နေတယ်။ ဝမ်းပျက်ဝမ်းလျှော တစ်ခုခုဖြစ်ရင်တောင် မလွယ်ဘူး” ဟု  ဩရမကျေးရွာသားတစ်ဦးက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်မြောက်ပိုင်း တောဖျားချောင်းဒေသတွင် ရခိုင်၊ ခမီ၊ မြိုလူမျိုးများ အဓိကနေထိုင်ကြပြီး ရေလမ်းတစ်ခုတည်းကိုသာ အသုံးပြုသွားလာရ၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ ကျန်းမာရေး၊ စီးပွားရေး ကဏ္ဍအသီးသီးတွင် ဖွံဖြိုးမှုနောက်ကျလျက်ရှိသည်။

ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...
May 25, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက...
May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...
ဓာတ်ပုံ - DMG
May 22, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ကြီး(အောက်ရွာ)...