အမ်းမြို့နယ်ရှိ စစ်ကောင်စီစခန်းများကို AA အရှိန်မြှင့် ထိုးစစ်ဆင်နေ

အမ်းမြို့နယ်ရှိ စစ်ကောင်စီစခန်းများကို AA အရှိန်မြှင့် ထိုးစစ်ဆင်နေ
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကျောက်တော်တပ်နယ်ကို ဖေဖော်ဝါရီလအတွင်း သိမ်းပိုက်ရရှိပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - AA Info Desk)
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကျောက်တော်တပ်နယ်ကို ဖေဖော်ဝါရီလအတွင်း သိမ်းပိုက်ရရှိပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - AA Info Desk)

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော်(AA) က အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။

ယမန်နေ့ ဧပြီ ၇ ရက်က အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စုရှိ တောဟိန်းတောင်၊ ဒါးလက်နှင့် နပခအနီးတို့တွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မနေ့က တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေမှာ စစ်ကောင်စီက လေကြောင်းနဲ့ တောက်လျှောက်ဗုံးကြဲတယ်။ လက်နက်ကြီးလည်း တစ်နေကုန်ပစ်တယ်။ အမ်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်နေတဲ့အထိ မနေ့ကတိုင်းစစ်ဌာနချုပ်တိုက်ပွဲက အပြင်းထန်ဆုံးပဲ” ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။

ကဇူးကိုင်းကျေးရွာအနီးရှိ စစ်ကောင်စီ၏ တောဟိန်းတောင်ဗျုဟာအပါအဝင် ၎င်းပတ်ဝန်းကျင်ရှိ စခန်းအချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က ဧပြီ ၃ ရက်တွင် ထုတ်ပြန်ထားသည်။

အမ်းမြို့နယ်ရှိ စစ်ကောင်စီစခန်းများကို AA က ယခုနှစ်၊ မတ်လ ၂၄ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲများမှ ပို၍ပြင်းထန်လာနေသည်။ တိုက်ပွဲဖြစ်ပွားမှုကြောင့် အမ်းမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံသောင်းနှင့်ချီမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“အမ်း-ပဒါန်းလမ်းကို စစ်ကောင်စီက စစ်အင်အားဖြည့်တာ ရှိတယ်။ အမ်း-ပဒါန်းလမ်းကို AA က ပိတ်ထားတော့ မြို့ပေါ်မှာရှိတဲ့အင်အားတွေကို တိုက်ပွဲဖြစ်နေတဲ့အနီးအနားတွေဆီ တပ်ဖြန့်ချနေတယ်” ဟု အမ်းဒေသခံ နောက်တစ်ဦးက ပြောသည်။

ရခိုင်ပြည်နှင့် မကွေးတိုင်းတို့ကို ဆက်သွယ်ထားသည့် ကားလမ်းတို့တွင် စစ်ကောင်စီက စစ်အင်အားတိုးချဲ့ခြင်း၊ တပ်ရွှေ့ပြောင်းခြင်း၊ လမ်းဘေးဝဲယာတလျှောက် မိုင်းထောင်ခြင်းများ ပြုလုပ်နေသဖြင့် အမ်း-ပဒါန်းကားလမ်းကို အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း AA က ဧပြီလ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စတင်သည့် ရခိုင်စစ်ပွဲ ငါးလနီးပါးအတွင်း ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထားသည်။

လက်ရှိတွင် ဘူးသီးတောင်၊ မောင်တောနှင့် အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေးအတွက် AA က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။

Most read this week

December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...
December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...
December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...