စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းစောရွာ စာသင်ကျောင်းအပါအဝင် အဆောက်အဦး ၁၇ လုံး ပျက်စီး

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းစောရွာ စာသင်ကျောင်းအပါအဝင် အဆောက်အဦး ၁၇ လုံး ပျက်စီး

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ သထုံခရိုင် တပ်မဟာ(၁) ဘီးလင်းမြို့နယ် မင်းစောကျေးရွာထဲကို ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့ ညအချိန်တွင် စစ်ကောင်စီက အင်အားပြင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအပါအဝင် အဆောက်အဦး ၁၇ လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက မင်းစောကျေးရွာထဲကို ဂျက်လေယာဉ်ဖြင့် ၃ ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ကော်သူးလေကရင်အလယ်တန်းကျောင်းဆောင် ၃ လုံးအပြင် လူနေအိမ် ၁၁ လုံး၊ ဘာသာရေး အဆောက်အဦး ၂ လုံးနှင့် နှမ်းကြိတ်စက်ရုံ ၁လုံး ပျက်စီးသွားပြီး ဒေသခံအရပ်သားတစ်ဦး ထိခိုက် ဒဏ်ရာရရှိကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ကေအဲန်ယူ သထုံခရိုင်ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က “ရန်သူစစ်ကောင်စီတပ်ဟာ လက်နက်ကိုင်ပြီး ပြည်သူ လူထုကို သတ်တာကြောင့် သူတို့ကကျနော်တို့ရန်သူဟာ ရန်သူပါပဲ။ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူတိုင်းက စစ်ကောင်စီကို ရန်သူလို့ပဲသတ်မှတ်တယ်။ ပြည်သူကို ကာကွယ်တဲ့လက်နက်ကိုင်လို့ မသတ်မှတ်ဘူး။ တိုက်ပွဲမဖြစ်ဘဲလူထုကိုပစ်မှတ်ထားတာဖြစ်တယ်။ ဒါကြောင့် အခုဆိုရင် အဲဒီကရွာ နှစ် ရွာက လူထုတွေက ရွာလုံးကျွတ်ရှောင်နေရတယ်။ ”ဟု ကေအိုင်စီသို့ ပြောသည်။

ဗုံးကြဲတိုက်ခိုက်မလုပ်ဆောင်ခင်တစ်ရက်တွင် ထိုနေရာသို့ စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် မကြာခဏလာရောက်ပျံဝဲနေသောကြောင့် ဒေသခံလူထုများမှာ ညအချိန်တွင် ဘေးလွတ်ရာသို့ ကြိုတင် တိမ်းရှောင်ထားကြသည့်အတွက် ယခုလို လူထုထိခိုက်မှုနည်းပါးခြင်းလည်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သထုံခရိုင်တွင် စစ်ကောင်စီတပ်ဘက်က ကျေးရွာများထဲသို့ လက်နက်ကြီးများနှင့် မကြာ ခဏပစ်ခတ် လေ့ရှိသည့်အတွက် ကျေးရွာအများစုမှ ဒေသခံများသည် နေ့အချိန်ရွာတွင် ရွာထဲပြန်လည်ဝင်ရောက်လာ ပြီး ညအချိန်တွင် တောထဲတောင်ထဲနှင့် ကျောက်ဂူကဲ့သို့သော ယာယီ ခိုလှုံရာနေရာများတွင် သွားရောက်တိမ်းရှောင် ညအိပ်နေကြသည်ဟု သိရသည်။

ပြီးခဲ့သည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလကလည်း ခရိုင်အတွင်းရှိ လူထုများအနေဖြင့် စစ်ကောင်စီ၏ လက်နက်ကြီးရန် ကာကွယ်နိုင်ရန်အတွက် နေအိမ်တိုင်းတွင် ဗုံးခိုကျင်းများ တူးထားရန် ကေအဲန်ယူ သထုံခရိုင်က စာထုတ်ပြန်ညွှန်ကြားထားခြင်းရှိကြောင်းလည်း ဒေသခံများက ပြောသည်။

Photo: CJ

April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...
April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...