နယ်စပ်လမ်းကြောင်းပေါ်ရှိ စစ်စခန်းများ လက်မလွှတ်ရရေး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်နေ

နယ်စပ်လမ်းကြောင်းပေါ်ရှိ စစ်စခန်းများ လက်မလွှတ်ရရေး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်နေ

ထိုင်း-မြန်မာနယ်စပ်လမ်းကြောင်းပေါ်ရှိ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်အခြေစိုက်စစ်တပ်စခန်းများ အလုံးစုံလက်မလွှတ်ရရေးအတွက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း ဒေသခံသတင်းအရင်းအမြစ်ထံမှ သိရသည်။

မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ရှိ ခြေမြန်တပ်ရင်း(ခမရ-၃၅၅)ကို ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်း တပ်များ တိုက်ခိုက်သိမ်းယူပြီးနောက်တွင် ကျန်စစ်စခန်းကုန်းများ ဆက်လက်သိမ်းပိုက်မခံရစေရေး အတွက် စစ်ကောင်စီက လေကြောင်းဖြင့် နေ့စဉ်အကြိမ်ပေါင်းများစွာ လာရောက်ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ယခုလို လေကြောင်း အပြင်းအထန် တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်မှုအများအပြားဖြစ် ပေါ်နေသလို လူနေအိမ်အဆောက်အဦးများလည်း ထိမှန်ပျက်စီးလျက်ရှိကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက " ၃၅၅တပ် စတင်တိုက်ခိုက်တဲ့နေ့ကစပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ နေ့စဉ်အပြင်း အထန်ပြန်လည်ပစ်ခတ်နေတယ်။ တစ်ခါတစ်ခါဗုံးလာကြဲရင် အလုံး(၅၀)လုံးကနေ အလုံး(၁၀၀) ထိရှိ တယ်။ မနေ့က ဗုံးလာကြဲလို့ ထီးမူးထရွာက ရွာသားတစ်ဦးသေပြီး နှစ်ဦးဒဏ်ရာရသေးတယ်။ ဒီနေ့ မနက်လည်း စက်မှုဇုန်ဘက်မှာ အလုံး (၆၀)ကျော်လာကြဲသေးတယ်"ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ စစ်ကောင်စီတပ်သည် မြေပြင်တွင် အရှုံးများနှင့် ရင်ဆိုင်နေရချိန်တွင် အစွမ်းကုန်ရမ်း သမ်း ပစ်ခတ်မှုများ ပြုလုပ်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် သတိရှိရှိနေထိုင်ကြရန် တော်လှန်ရေးရဲဘော်တစ်ဦးကလည်း အကြံပြုပြောဆိုသည်။

ယခုမတ်လအတွင်း ကေအဲန်ယူ တပ်မဟာ (၆) နယ်မြေအတွင်းရှိ သင်္ဃန်းညီနောင် အခြေစိုက် ခမရ-၃၅၅၊ ခမရ-၃၅၆၊ ဖလူးစခန်းနှင့် ကျိုက်ဒုံဗျူဟာကုန်းစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်း (၄)ခုကို KNLA နှင့် PDFပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

အဆိုပါ စစ်စခန်းများ ဆက်တိုက်သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန်လုပ်ဆောင်နေသည့်အတွက် အရပ်သားထိခိုက်သေဆုံးမှုများပြားသလို သောင်းနှင့်ချီသော ဒေသခံများလည်း အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

Photo: CJ

April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...
April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...