စစ်ရှောင်စခန်းမှာ ရေရရှိရေးအတွက် ပုံးဝါ ၃ ပုံးကို တစ်ထောင်ကျပ်နဲ့ ရောင်းချပေး

စစ်ရှောင်စခန်းမှာ ရေရရှိရေးအတွက် ပုံးဝါ ၃ ပုံးကို တစ်ထောင်ကျပ်နဲ့ ရောင်းချပေး

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ရေရှားပါးတဲ့ စစ်ရှောင်စခန်းတစ်နေရာမှာ စစ်ရှောင်တွေ ရေရရှိရေးအတွက် ရည်ရွယ်ပြီး  ပုံးဝါ ၃ပုံးကို တစ်ထောင်ကျပ်နဲ့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။

အဆိုပါရေကို တောင်ပေါ်‌ ရေထွက်ပေါက် တစ်နေရာကနေ စစ်ရှောင်စခန်းရှိရာအထိ မီးစက်နဲ့ ရေစုပ်တင်လာတာဖြစ်ပြီး ရေသွားခပ်ဖို့ အဆင်မပြေသူတွေ ၊ ဓာတ်ဆီဖိုး မတတ်နိုင်သူတွေအတွက် ရည်ရွယ်ပြီး ပြုလုပ်ပေးတာ ဖြစ်တယ်လို့ ရေရရှိရေးအတွက် ဦးဆောင်ပေးနေတဲ့ ကျောင်းဆရာ ခူးဦးရယ်က ပြောပါတယ်။

"အဓိကတော့ ဓာတ်ဆီဖိုး မတတ်နိုင်ကြဘူးပေါ့နော်။ ရေကန်လည်း အောက်က ရေကန်လည်း ခမ်းသွားပြီ။ ခါတိုင်းနှစ်ဆို နှစ်ကန်ရှိတယ်လေ။ အပေါ်တစ်ကန်နဲ့ အောက်တစ်ကန်။ ခုခမ်းသွားတော့ မသွားနိုင်ကြတော့ဘူး။ ရေဆိုလည်း ပုံမှန်မချိုးနိုင်ကြဘူးပေါ့။ ချိုးလို့ရအောင်လို့ အဲ့မှာရေချိုးခန်းလေးလည်း လုပ်ပေးထားတယ်။ နီးနီးနားနားမှာပေါ့နော်။ ဒါပေမယ့် ဆီဖိုးတော့ ပြန်ထည့်တဲ့အနေနဲ့ပေါ့နော်။ ၃ ပုံး ၁ ထောင်နဲ့ ပြန်လုပ်ပေးထားတယ်" ရေရရှိရေးအတွက် ဦးဆောင်ပေးနေတဲ့ ကျောင်းဆရာ ခူးဦးရယ်က ပြောပါတယ်။

အခုလို ရေကို ရောင်းချပေးနေတာ ၁ လကျော်ရှိိနေပြီလို့ သိရပါတယ်။ ယခင် ရေမရရှိခင်မှာတော့ အသွားအပြန် ဓာတ်ဆီ ၁ လီတာ ကုန်ကျတဲ့ ရေရှိရာနေရာမှာ သွားရောက်ခပ်ယူရပြီး ရေပုံးဝါ ၂ ပုံးကိုသာ သယ်ယူနိုင်တယ်လို့ ဆိုပါတယ်။

စစ်ရှောင်စခန်းအနီးအနားမှာ ရေရောင်းချပေးတဲ့အတွက် ဓာတ်ဆီဖိုး သက်သာတယ်လို့ ရေလာခပ်တဲ့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

"အခုလို အနီးအနားမှာရေရတော့ အဆင်ပြေတယ်။ အဝေးကြီးသွားခပ်စရာ မလိုတော့ဘူး။ ဓာတ်ဆီဖိုးလည်း သက်သာတယ်။" လို့  စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

ရေရောင်းချပြီး ရရှိလာတဲ့ ၀င်ငွေတွေကို ပညာရေးအတွက် ကျောင်းရန်ပုံငွေမှာ ပြန်လည် အသုံးပြုသွားမယ်လို့ ခူးဦးရယ်က ဆက်ပြောပါတယ်။

"ကျောင်းရန်ပုံငွေရအောင် ကျောင်းပြန်ဖွင့်တဲ့အချိန်မှာ လည်ပတ်ဖို့ သုံးဖို့ ငွေတွေပေါ့နော်။ပြီးတော့ ဆရာ၊ဆရာမတွေ သင်တန်းတွေ သွားတဲ့အခါမှာ ဓာတ်ဆီတွေဘာတွေ ဖြည့်ပေးဖို့ အဲ့ဒါတွေအတွက် ရန်ပုံငွေရှာတာလည်း ပါတယ်ပေါ့နော်။" လို့ ခူးဦးရယ်က ဆက်ပြောပါတယ်။

တစ်ရက်ခြားတစ်ခါ တစ်မိသားစုကို ၅ ပုံးနှုန်းနဲ့ ရေလှူပေးတာရှိပေမယ့် လုံလောက်မှုမရှိဘူးလို့ ဆိုပါတယ်။ အဆိုပါ ရေကို  စစ်ရှောင်စခန်းမှာရှိတဲ့ အိမ်ခြေ ၁၀၀ ကျော်က အဓိကထား အသုံးပြုနေကြတာ ဖြစ်ပါတယ်။

June 6, 2026
စစ်အုပ်စု ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့တွင်းမှာ သွားလာသူတွေရဲ့ ဖုန်း ၊ အိတ်၊ ဆိုင်ကယ် tools...
ဓါတ်ပုံ- KNDF
June 5, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲမှာ စစ်ကြောင်းထိုးခဲ့တဲ့ အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့မတ်လနဲ့...
June 4, 2026
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း၊ ကျေးရွာတရွာမှာ ကယားရိုးရာ “လာလီခူ” လို့ အမည်ရတဲ့...
မေလ ၁၃ ရက်နေ့က ဒေါငံခါးမှာ စစ်ကော်မရှင်ကနေ သီလရှင်ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့မြင်ကွင်း
June 3, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ ဖျက်ဆီးမှုတွေကြောင့် ပြီးခဲ့တဲ့ မေလ တစ်လအတွင်း ပြည်သူ့နေအိမ် နဲ့ ယာဉ်...