ဖားအံနှင့် သံတောင်ကြီးမြို့တို့တွင် စစ်ကောင်စီ၏ စစ်မှုထမ်းခေါ်ယူရေးလုပ်ငန်းများ စတင်လှုပ်ရှားလာ

ဖားအံနှင့် သံတောင်ကြီးမြို့တို့တွင် စစ်ကောင်စီ၏ စစ်မှုထမ်းခေါ်ယူရေးလုပ်ငန်းများ စတင်လှုပ်ရှားလာ

ကရင်ပြည်နယ် ဖားအံမြို့နယ်၊ ဖားအံမြို့နှင့် သံတောင်ကြီးမြို့နယ် သံတောင်ကြီးမြို့တို့တွင် မတ်လ ဒုတိယအပတ်မှစ၍ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေခေါ်ယူရေးလုပ်ငန်းများ စတင်လှုပ်ရှား လာနေ ကြောင်း မြို့ခံများထံမှ သိရသည်။

ဖားအံမြို့နယ်၊ ဖားအံမြို့အတွင်းအပြင်ရှိ ရပ်ကွက်အချို့တို့တွင် စစ်မှုထမ်းခေါ်ယူရန် အိမ်ထောင်စု စာရင်းတိုက်ဆိုင်စစ်ဆေးခြင်း၊ စစ်မှုထမ်းလျှောက်လွှာများဖြည့်ခိုင်းခြင်းတို့အား စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက လိုက်လံလုပ်ဆောင်လာနေပြီဟု ကိုယ်တိုင်တွေ့ကြုံနေရသည့် ဖားအံမြို့ခံများက ပြောသည်။

“အိမ်တွေမှာရှိတဲ့ လူဦးရေ စာရင်းလိုက်ကောက်ရင်းနဲ့ စစ်မှုထမ်းဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေပါတဲ့ဖောင် ဖြည့်ခိုင်းလို့ ကျနော်ဖြည့်လိုက်ရတယ်။” ဟု ဖားအံမြို့ ရပ်ကွက်(၂)နေ အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှစ၍ စစ်မှုထမ်းဥပဒေကို အတည်ပြုလိုက်ကြောင်း ကြေညာပြီးနောက် ကရင်ပြည်နယ်အတွင်း မြို့နယ်အချို့မှ အများပြည်သူသွားလာလှုပ်ရှားသည့် လူစည်ကားရာ နေရာ များတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို လူထုနားလည်သဘောပေါက်စေရန်ဟုဆိုကာ စစ်တပ်က လက်ကမ်းစာစောင်များ လိုက်လံဝေငှခဲ့သော်လည်း ခေါ်ယူရေးအတွက်မူ ယခုလမှ စတင် လာခြင်းဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့်အပတ်အတွင်းကလည်း သံတောင်ကြီးမြို့နယ်၊ သံတောင်ကြီးမြို့ဟောင်း၏ အထွေ ထွေအုပ်ချုပ်ရေးမှူးမှ ခရစ်ယာန်အသင်းအုပ်ဆရာတော်များအား အစည်းအဝေးခေါ်ယူ၍ စစ်မှုထမ်းရန် အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်းရှိသူများ စတင်ခေါ်ယူတော့မည်ဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်ဟု ဒေသခံများထံမှ သိရသည်။

သံတောင်ကြီးမြို့နေဒေသခံတစ်ဦးက “ပြီးခဲ့တဲ့အပတ်က ဘုရားကျောင်းက သင်းအုပ်ဆရာတွေကို ကျမတို့ထွေအုပ်က အစည်းအဝေးခေါ်တယ်။ သူတို့က တစ်ခုခုဆို သင်းအုပ်ဆရာတွေကို အားကိုး တယ်လေ။ စစ်မှုထမ်းအတွက် အသက် (၁၈)ကနေ (၃၅)အတွင်းကို ခေါ်သွားမယ်ဆိုပြီး ပြောတာ။ ဆရာတော်တွေကလည်း ကျနော်တို့ကတော့ ဘုရားရှိခိုးပေးမယ်။ စစ်မှုထမ်းအတွက်တော့ မပြော ပေးနိုင်ဘူးလို့ ပြောလိုက်တယ်။ ဘာမှတော့ ပြန်ပြောမလာသေးဘူး။” ဟု ၎င်းက ပြောသည်။

သံတောင်ကြီးမြို့အတွင်း ၎င်းတို့စစ်မှုထမ်းပြဌာန်းချက်နှင့်ကိုက်ညီသူ အများအပြားရှိနေသည့်အတွက် ထိုသို့ ပြောဆိုသွားပြီးနောက် ဌာနေလူထုမှာ စိုးရိမ်မှုဖြင့် သတိထားနေရသည်ဟု ဒေသခံများက ဆိုသည်။

ထို ဥပဒေကြေညာချက်ထွက်ရှိလာပြီးမကြာမီ လူထုအကြားပူပန်မှုမြင့်တက်လာသဖြင့် ကရင်ပြည်နယ် ဖားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်မြို့နေ လူငယ်အများအပြား စစ်တပ်ထိန်းချုပ်မှုလွတ်ကင်းသော ကရင်အ မျိုးသားအစည်အရုံး-ကေအဲန်ယူ ထိန်းချုပ်နယ်မြေများမှတဆင့် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေး တိမ်း ရှောင်မှု ပြုလုပ်နေကြကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

ထို့အပြင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တို့တွင် စစ်မှုထမ်းဥပဒေရှောင်တိမ်းသူများအား နေအိမ်ချိတ်ပိတ်ခြင်း၊ ကျန်ရှိမိသားစုဝင်များကို အရေးယူရန်ခြိမ်းခြောက်မှုများရှိသလို မဲစနစ်ဖြင့် စစ်မှု ထမ်းရန်ရွေးချယ်ခံရသူများအား ငွေကြေးအဆမတန်တောင်းခံခြင်းဖြင့်အမြတ်ထုတ်မှုများလည်း ရှိနေကြောင်း ဒေသခံများကပြောသည်။

April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...
April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...