KNU တပ်မဟာ (၇)တွင် ပထမဦးဆုံးအကြိမ် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွား

KNU တပ်မဟာ (၇)တွင် ပထမဦးဆုံးအကြိမ် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွား

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၇) နယ်မြေတွင် ပထမဦးဆုံးအကြိမ် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားသည့် တိုက်ပွဲအပြီးရုပ်သံတစ်ခု ယမန်နေ့ မတ်လ ၁၉ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ထွက်ပေါ်လာသည်။

KNU ထိန်းချုပ်ရာ မဲသဝေါ ဘက်ခြမ်းသွားသည့် လမ်းတစ်နေရာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ၎င်းတို့၏စခန်း နှင့် လမ်းကို ပြုပြင်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့် အင်အား ၂၀ ခန့် ပါဝင်ကာ နယ်မြေကျော်ဝင် ရောက်သွားသည့်အတွက် နှစ်ဖက် ပစ် ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် စစ်ရေးသတင်း အရင်းအမြစ်တစ်ဦးက အတည်ပြုပြောဆိုသည်။

“သတင်းရတာကတော့ စစ်တပ်ဘက်က သူတို့စခန်းကို ပြန်ပြင်ဖို့ လမ်းပြင်ဖို့ ဆိုပြီး တက်လာတယ်။ ဒီဘက်ကလည်း မလာဖို့ ပြောတာ။ လာရင် အပစ်ခံရမယ်လို့ ပြော တာကို သူတို့ပစ်ရင် ပြန်ပစ်မှာပေါ့ဆိုပြီး ဂရုမစိုက်တဲ့ ပုံစံနဲ့ တက်လာတော့ တားမြစ်နယ်မြေကျော်လာတော့လည်း ပစ်လိုက်ရတာပေါ့။ အဲ့မှာ ကား ၂ စီး နဲ့ လက်နက် တွေပစ္စည်းတွေ တချို့ရလိုက်တယ်။ တချို့အရှင်ဖမ်းမိထားတာလည်းရှိတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ယမန်နေ့က ထွက်ပေါ်လာသည့် ရုပ်သံဖိုင်အရ စစ်ကောင်စီ၏ လက်နက်ခဲယမ်းအချို့ ၊ မိုင်းရှင်းကိရိယာ နှင့် မြေတူးစက် တစ်စီးအပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့ သေဆုံးကာ ၁၁ ဦးခန့်ကို အရှင်ဖမ်းဆီးရမိထားကြောင်း  ပြောဆိုထားသည်ကို တွေ့ရှိရသည်။

“အခုက လမ်းပြင်ဖို့ ဘူဒိုဇာတွေကို စောင့်ဖို့က သူ့အင်အား ၂၀ ကျော်နဲ့ လာတော့ ဒီက လည်း လုံခြုံရေးအရပေါ့။ အောက်ခြေမှာလည်း ညှိနှိုင်းပြီးဝင်လာတာမျိုးမဟုတ်တော့ အခုလို ဖြစ်တာပေါ့။ အခုက လမ်းပြင်မယ်လို့ အကြောင်း ပြပြီး လူအင်အားပါ ပို့တာလေ။ သူတို့မှာ အစီအစဉ်တစ်ခုခု ရှိတာလည်းဖြစ်နိုင်တယ်” ဟု နောက် ထပ်စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏ လေယာဉ်တစ်စီး လာရောက် ဝဲပျံသွားသော်လည်း ပစ်ခတ်မှု မပြုလုပ်ခဲ့ကြောင်း နှင့် ဖမ်းဆီးရမိထားသူများနှင့် ပတ်သက်ပြီးလည်း နှစ်ဖက်ညှိနှိုင်းပြောဆိုမှုများ ပြုလုပ်နေကြောင်း သိရသည်။

လတ်တလောတွင်လည်း ကေအဲန်ယူ တပ်မဟာ(၆) နှင့် တပ်မဟာ(၇) အကြား နယ်မြေဖြစ်သည့် သင်္ဃန်းညီနောင် ဘက်တွင် နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က သင်္ဃန်းညီနောင် ဗျူဟာကုန်း ကို သိမ်းပိုက်ရရှိရေး ကြိုးပမ်းနေသလို စစ်ကောင်စီဘက်ကလည်း လေကြောင်း၊ လက်နက်ကြီး ပစ်ကူများဖြင့် အပြင်းအထန် ခုခံကာကွယ်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များက ပြောဆိုသည်။

Photo: Crd. Original Uploader

April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...
April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...