ဧရာဝတီတိုင်းရှိ ကျေးရွာအချို့တွင် စစ်မှုထမ်းပါက လစာကျပ်ငွေ(၃)သိန်းရရှိမည်ဟု မက်လုံးပေး

ဧရာဝတီတိုင်းရှိ ကျေးရွာအချို့တွင် စစ်မှုထမ်းပါက လစာကျပ်ငွေ(၃)သိန်းရရှိမည်ဟု မက်လုံးပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ တလုတ်ထော်မြို့ရှိ ကျေးရွာအချို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှုးများမှ စစ်မှုထမ်းလိုက်ပါသူများ လစာငွေအဖြစ် တစ်လလျှင် ငွေကျပ်(၃)သိန်း ရရှိမည်ဖြစ်ကြောင်း မက်လုံးပေးခေါ်ယူနေကြောင်း ဒေသခံများက ပြောသည်။

ယခု မတ်လ ဒုတိယအပတ်အတွင်း တလုတ်ထော်မြို့၊ ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် ရွာအုပ်ချုပ်ရေးမှူးများမှ ဦးစီး၍ တစ်ရွာလျှင်တစ်ယောက်နှုန်း စစ်မှုထမ်း ခေါ်ယူရန် မဲနှိုက်ရွေးချယ်ခဲ့ပြီး စစ်မှုထမ်းလိုက်ပါသူများအား စစ်အစိုးရမှလစာထောက်ပံ့ငွေအဖြစ် တစ်လလျှင် ငွေကျပ်(၃)သိန်း ပေးသွားမည်ဟုလည်း ပြောဆိုခဲ့ကြောင်း ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ ရွာသားတစ်ဦးက “စစ်မှုသွားထမ်းတဲ့သူကို (၃)သိန်းထောက်ပံ့ပေးမယ်လို့ပြောတယ်၊ အခုတော့ မဲပေါက်တဲ့လူတွေကို တစ်ခါတည်းခေါ်မသွားသေးဘူး။ (၃)သိန်းပေးမယ့်ကိစ္စကလည်း သူတို့သာပြောတာ လူတွေကတော့ အယုံအကြည်မရှိဘူး။ သတင်းစာထဲမှာတောင်မပါတဲ့ကိစ္စကို ပါးစပ်နဲ့သာပြောနေတာ သပ်သပ်မက်လုံးပေးတာ ဘယ်သူမှသူတို့သားသမီးကို မထည့်ချင်ဘူး” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် မဲနှိုက်ရွေးချယ်မှုပြုလုပ်ခဲ့သည့် ထိုအစည်းအဝေးအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးအချို့က စစ်မှုထမ်းလိုက်ပါသူ၏မိသားစုအား မလိုက်ပါသောရွာရှိကျန်နေအိမ်များက ထောက်ပံ့ငွေပေးရမည်ဟုလည်း ပြောဆိုခဲ့ကြကြောင်း တလုတ်ထော်မြို့နေ ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တို့တွင်လည်း ဒေသခံလူငယ်များအား မဲနှိုက်ရွေး ချယ်မှုများလုပ်ဆောင်နေပြီဖြစ်သဖြင့် အုပ်ထိန်းသူမိဘများမှာ ၎င်းတို့သားသမီး၊ မိသားစုဝင်များအတွက် စိုးရိမ်ပူပန်နေရသည်ဟု သိရသည်။

လှည်းဆိပ်အုပ်စုနေ ရွာသူတစ်ဦးက “လူတွေတော်တော်စိုးရိမ်နေကြတယ်။ လူငယ်တွေဆိုအပြင်တောင်သိပ်မထွက်ရဲဘူး။ မနေ့ညကလည်း ချောင်းစောက်ရွာမှာ တစ်ယောက်ကို မဲပေါက်လို့လာခေါ်တာ မလိုက်သွားဘူးပြောတယ်။ သူတို့အုပ်ကြီးကတော့ ဘယ်လိုလုပ်မလဲမသိဘူး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေအား ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှစ၍ အတည်ပြုထုတ်ပြန်ပြီးနောက် ခေါ်ယူရေးအဖွဲ့များဖွဲ့ကာ တစ်နိုင်ငံလုံးအနေအထားဖြင့် လူအင်အားစုဆောင်းမှုများလုပ်ဆောင်ခဲ့ခြင်းကြောင့် လူထုအကြား စိုးရိမ်မှုမြင့်တက်လာသလို လူငယ်များမှာလည်း နည်းမျိုးစုံဖြင့် စစ်မှုထမ်းတိမ်းရှောင်နေကြရသည်။

ယခုအခါ နယ်မြို့များသာမက ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင်လည်း စစ်တပ်က စစ်မှုထမ်းရန်အသက်ပြည့်မီသူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ခေါ်ယူ၍ နာမည်စာရင်းကောက်ခြင်းနှင့် မဲနှိုက်ရွေးချယ်ခြင်းများပါ တွင်တွင်ကျယ်ကျယ်လုပ်ဆောင်လာကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...