မွန်ပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် တစ်နှစ်အတွင်း အရပ်သား ၄၀ နီးပါး ထိခိုက်သေဆုံး

မွန်ပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် တစ်နှစ်အတွင်း အရပ်သား ၄၀ နီးပါး ထိခိုက်သေဆုံး
ဓာတ်ပုံ-Social Media
ဓာတ်ပုံ-Social Media

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ၃၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်လက်တွေအရ သိရပါတယ်။

မြေမြှုပ်မိုင်းပေါက်ကွဲမှုဟာ စစ်ရေးပဋိပက္ခ ပြင်းထန်တဲ့ဒေသတွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ ရေးမြို့နယ်တို့မှာ အကြိမ် ၂၀ နီးပါး ဖြစ်ပွားခဲ့ပြီး ကျိုက်ထိုမြို့နယ်တစ်ခုတည်းမှာပဲ ၈ ကြိမ်နဲ့ အများဆုံး မြေမြှုပ်မိုင်းပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတာပါ။

မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ကျိုက်ထိုနဲ့သထုံမြို့နယ်တို့က အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၃ ဦးအပါအဝင် အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၄ ဦးအပါအဝင် ဒဏ်ရာရသူ ၃၁ ဦး ရှိခဲ့တာဖြစ်ပါတယ်။

မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေဟာ ဥယျာဉ်ခြံတွေ၊ ရော်ဘာခြံတွေ၊ ကျေးရွာချင်းဆက်လမ်းပိုင်းတွေအပြင် ထူးခြားမှုအနေနဲ့ အာဏာသိမ်းကာလအတွင်း ရန်ကုန်-မော်လမြိုင်နဲ့ မော်လမြိုင်း-ရေး ပြည် ထောင်စုလမ်းမကြီးတွေမှာလည်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အာဏာသိမ်းကာလအတွင်း တကျော့ပြန်မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေကြောင့် တောတောင်တွေ၊ ဥယျာဉ်ခြံတွေနဲ့ လုပ်ငန်းခွင်ဝင်ဖို့ အခက်အခဲရှိသလို မိသားစုဝမ်းရေးပြဿနာနဲ့ပါ ရင်ဆိုင်လာရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သံလွင်တိုင်းမ်က စိစစ်ထားတဲ့ ဖြစ်စဉ်တွေအရ မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေဟာ စစ်ကောင်စီတပ်ရဲ့ တပ်စခန်းပတ်ဝန်းကျင်တွေ၊ စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး တပ်ပြန်ဆုတ်သွားတဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှု အများဆုံးဖြစ်ပေါ်ထားပါတယ်။

မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေး နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ ICBL ရဲ့ အဆိုအရ လူသေစေဖို့ ရည် ရွယ်တဲ့ anti-personnel နင်းမိုင်းတွေကို အသုံးပြုနေသေးတာ ကမ္ဘာမှာ မြန်မာနဲ့ရုရှား နှစ်နိုင်ငံသာ ကျန်ရှိတော့တယ်လို့ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

Human Right Watch Network အဆိုအရ မြန်မာစစ်တပ်ဟာ ၁၉၉၉ ခုနှစ်ကတည်းက မြေမြှုပ်မိုင်းတွေကို အသုံးပြုခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အသုံးပြုမှု ပိုမိုမြင့်တက်လာပြီး အများဆုံးအသုံးပြုတဲ့ နိုင်ငံတွေထဲ ပါဝင်လာတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရံပုံငွေအဖွဲ့ UNICEF ရဲ့ ပြီးခဲ့တဲ့နှစ်ဝက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် အရပ် သား ၆၀၀ နီးပါး သေဆုံးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-YGF
February 4, 2026
မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၅၉၁ ခြေမြန်တပ်ရင်းကို...
February 3, 2026
တနင်္သာရီတိုင်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့်...
February 2, 2026
အာဏာသိမ်း စစ်အုပ်စုဟာ မွန်လူငယ်တွေကို စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲ အတင်းသွင်းပြီး စစ်သင်တန်းပေးကာ...
January 31, 2026
မြန်မာနိုင်ငံမှာ အာဏာသိမ်း ငါးနှစ်အတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့...