အာဏာသိမ်းကာလအတွင်း အမျိုးသမီးတွေအပေါ် ကာမလိမ်လည်ရယူမှု အဖြစ်များလာတယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး ပြောကြား

အာဏာသိမ်းကာလအတွင်း အမျိုးသမီးတွေအပေါ် ကာမလိမ်လည်ရယူမှု အဖြစ်များလာတယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး ပြောကြား

စစ်ကောင်စီ အာဏာသိမ်းကာလအတွင်း ကရင်နီပြည်မှာ အမျိုးသမီးတွေအပေါ်  ကာမလိမ်လည်ရယူမှုတွေ အဖြစ်များလာတယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) တာ၀န်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

"လိမ်လည်ကာမ ရယူမှုကျတော့လည်း တစ်ကယ်တမ်းတော့ မြေပြင်မှာ အရမ်းများတယ်ပေါ့နော။ အဲဒီဟာတွေဆိုလို့ရှိရင် ကျမတို့ စစ်ရှောင်စခန်းတွေမှာလည်းဖြစ်တယ်။ စစ်မရှောင်တဲ့ လူထုတွေကြားပေါ့နော ကျေးရွာတွေမှာဆိုလည်း ဖြစ်တာတွေရှိတယ်။ နောက်တစ်ခုကျတော့ ပြောရမယ်ဆိုရင်တော့ ကျမတို့ လက်ရှိ ဒီတော်လှန်ရေးအဖွဲ့ပြောရမှာပေါ့နော။ ဒီတပ်တွင်းကြားတွေထဲမှာဆိုလည်း ဖြစ်နေတဲ့ဟာတွေရှိတယ်။ ထုတ်ဖော်ပြောတာနဲ့ မပြောတာလောက်ပဲ ကွာတယ်ပေါ့" လို့ ကယန်းအမျိုးသမီးအစည်းအရုံး KyWO က တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

လိမ်လည်ပြီး ကာမ ရယူမှုလို့ဆိုရာမှာ အမျိုးသား၊ အမျိုးသမီး နှစ်ဦးကြား သဘောတူညီမှုကြောင့် အတူနေထိုင်ရာမှ အမျိုးသားဖက်က တာ၀န်ယူမှု၊ တာ၀န်ခံမှု မရှိပဲ ဖယ်ချန်ထားခြင်းကို ဆိုလိုကြောင်း ကယန်းအမျိုးသမီးအစည်းအရုံး KyWO က တာ၀န်ရှိသူက ရှင်းပြပါတယ်။

လိမ်လည်ပြီး ကာမရယူမှု အဖြစ်များလာတာနဲ့အမျှ အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှုတွေ အဖြစ်များလာပြီး ကျန်းမာရေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ပိုများလာတယ်လို့ဆိုပါတယ်။

လက်ရှိ ကရင်နီပြည်မှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေး ၊ စစ်ရေးအခြေအနေတွေကြောင့် တရားဥပဒေစိုးမိုးမှုအားနည်းနေသလို အခုလို ကျား/မ ဆိုင်ရာအခြေပြု အကြမ်းဖက်မှုတွေ တစ်နှစ်ထက်တစ်နှစ် ပိုမိုများလာတယ်လို့လည်း KyWO မှ တာ၀န်ရှိသူတစ်ဦးက သုံးသပ်ပါတယ်။

"တရားရုံးတွေက လွယ်လွယ်ကူကူသွားလို့မရဘူးပေါ့နော။ အဲ့ဒါတွေရှိမယ်။ ပြီးတော့ နိုင်ငံရေးအရက သွားလို့လာလို့ မလွယ်ကူဘူးပေါ့ လုံခြုံရေးအရပေါ့နော။ အဲ့လိုဆိုတော့ ဥပဒေမရှိဘူးဆိုတဲ့အပေါ်မှာက အလွှဲသုံးစား လုပ်ပြီးတော့ ကျူးလွန်တဲ့သူတွေ ပိုများလာတာကိုတွေ့ရတာပေါ့" လို့ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ဒေသတွင်းမှာ ဖြစ်ပွားခဲ့တဲ့ လိမ်လည်ပြီး ကာမ ရယူမှုတွေထဲက (၁၁)မှု သာ ကယန်းအမျိုးသမီးအစည်းအရုံး ထံရောက်ရှိပြီး မြေပြင်မှာ ဒီထက်မက များနေကြောင်းလည်း ပြောပါတယ်။ အဆိုပါအမှုတွေကို တရားရုံးအထိ တက်ရောက်ဖြေရှင်းနိုင်ခဲ့တဲ့အမှု တစ်ခုမျှ မရှိခဲ့ဘဲ ရိုးရာဓလေ့ထုံးတမ်းအရသာ ဖြေရှင်းကြပြီး လျော်ကြေးငွေဖြင့်သာ ကျေအေးမှု ပေးကြတယ်လို့ ဆိုပါတယ်။

July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...
July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...
July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...