စစ်ရဟတ်ယာဉ် တစ်စီး KIA ပစ်ချ

စစ်ရဟတ်ယာဉ် တစ်စီး KIA ပစ်ချ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ၏ ဌာနချုပ်ဟောင်းရှိရာ လိုင်စင်(ဘွမ်)တောင်အနီးတွင် စစ်ကောင်စီ လေ တပ်ပိုင် ရဟတ်ယာဉ်တစ်စီးကို KIA တပ်ဖွဲ့ဝင်များက ပစ်ချလိုက်သည်။

ဇန်နဝါရီလ ၃ ရက်နေ့ (ယနေ့)၊ နံနက် ၁၁ နာရီကျော်အချိန်ခန့်တွင် ပစ်ချလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ရဟတ်ယာဉ်မှာ မြစ်ကြီးနားလေတပ်မှ နာ့ဖော့ဒေသရှိ စစ်ကောင်စီစခန်းကို ရိက္ခာလာပို့သော ရဟတ် ယာဉ် ဖြစ်နိုင်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုသည်။

“မြစ်ကြီးနားလေတပ်စခန်းကနေ ထောက်ပို့ရဟတ်ယာဉ်ပေါ့ တစ်စီးက နာ့ဖော့ သူတို့ရဲ့ တပ်စခန်းဘက်မှာ ရိက္ခာပို့တာဖြစ်တယ်။ အဲ့ဒီတက်သွားတာကို ပစ်ချလိုက်တယ်လို့ ရှေ့တန်းသတင်းကတော့ ပြောပါတယ်။ ဒါပေ မယ့် စက်တွေ ချို့ယွင်းချက်ရှိလို့လား မဟုတ်လို့ရှိရင် တကယ်ပစ်ချလိုက်တာလား ဒါကကျနော်တို့ စုံစမ်းနေစဲ ဖြစ်ပါတယ်။ လေယာဉ်ကတော့ ပျက်ပြီးမှ ကျသွားတာတော့ မီးလောင်သွားတာတော့ ပုံတွေဘာတွေကတော့ တွေ့ရပါတယ်။ အဲ့ဒါကတော့ ပြောပါတယ်။ ဒါပေမယ့် အသေးစိတ် အခြေအနေကိုတော့ တိတိကျကျ မရသေး ဘူးခင်ဗျ။”

မြေပြင်တွင် တိုက်ပွဲဖြစ်ပွာနေခြင်းမျိုး မရှိသောကြောင့် ယခုပျက်ကျသွားသည့် လေယာဉ်မှာ ရိက္ခာပို့သည့် ရဟတ်ယာဉ်သာ ဖြစ်နိုင်ကြောင်း ဗိုလ်မှူး ကြီးနော်ဘူက ဆက်ပြောသည်။

“၁၁ နာရီ ၅၀ ကျော်လောက် ဖြစ်မှာပါ။ တိုက်ပွဲတွေကတော့ မရှိဘူး။ အဲ့ဒါကြောင့်မို့လို့ ရိက္ခာပို့တဲ့ ရဟတ် ယာဉ် ဖြစ်မယ်လို့ ကျနော်သုံးသပ်တာပါ။ ကျနော်တို့ ဒီလိုင်ဇာပတ်ဝန်းကျင်မှာ၊ ဌာနချုပ်ပတ်ဝန်းကျင်မှာ ဘာမှ တိုက်ပွဲ တွေကတော့ မရှိဘူး။ ကချင်ပြည်နယ်မှာလည်း ကြီးကြီးမားမားတိုက်ပွဲဖြစ်တာ မရှိပါဘူး။”

စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စင်းကို KIA က ပစ်ခတ်လိုက်ပြီး မီးလောင်ကာ ပျက်ကျသွားသည့် ဗီဒီယို မှတ် တမ်းဖိုင်ကလည်း လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသည်။

ယခုကဲ့သို့ မီးလောင်ပြီးပျက်ကျသွားသော ရဟတ်ယာဉ်မှာ ဝိုင်းမော်မြို့နယ် နာဖေါ့ဒေသရှိ စစ်ကောင်စီ တပ် စခန်းဘက်ကို ဦးတည်ပျံသန်းလာသော စစ်ရဟတ်ယာဉ်ဖြစ်သည်ဟုလည်း မြေပြင်သတင်းအရင်းအမြစ်က ဆိုသည်။

လက်ရှိ KIO ဌာနချုပ် လိုင်ဇာနှင့် ဌာနချုပ်ဟောင်း လိုင်စင်ဒေသတဝိုက်တွင် တိုက်ပွဲများမရှိသော်လည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်တို့နှင့် စစ်ကောင်စီတပ်တို့ အကြား ကချင်ပြည်နယ် ရွှေကူမြို့နယ်ထဲတွင် တိုက်ပွဲဖြစ်ပွားနေသည်။

ယနေ့ နံနက်အစောပိုင်းတွင် ရွှေကူမြို့၊ အောက်လေးလမ်းဆုံဂိတ်က ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို ကချင် လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့က စောင့်ကြိုတိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက် ကြား ပစ်ခတ်မှုများ ဖြစ်ပွားနေသည်ဟု မြေပြင် သတင်းအရင်း အမြစ်များက ပြောသည်။

ကချင်ပြည်နယ်အပြင် ကရင်နီပြည်နယ်ထဲ၌လည်း နိုဝင်ဘာလက စတင်ခဲ့သော ၁၁.၁၁ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်ရေး ဂျက်လေယာဉ်တစ်စီးကို ကရင်နီ တော်လှန်ရေးပူးပေါင်းအဖွဲ့များက ပစ်ချခဲ့သော ဖြစ်စဉ်လည်း ရှိခဲ့သည်။

Most read this week

ဓါတ်ပုံ - Crd
September 5, 2026
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအဆင်းရှိ အာရက္ခတပ်တော်...
ဓာတ်ပုံ - ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့
September 5, 2026
မွန်ပြည်၊ ကရင်ပြည်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးမှုနှင့် လေကြောင်း...
ပုံဟောင်း / Crd
September 4, 2026
ရခိုင်ပြည်အတွင်း စစ်ရေးအရ အထိနာနေသည့် စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင်...
September 4, 2026
မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်၊ သီးကုန်းကျေးရွာအတွင်းသို့ စစ်အုပ်စုတပ် စစ်ကြောင်း ရုတ်တရက်...